တာချီလိတ် NLD မှ ဒီဇင်ဘာလ(၁၃)ရက်နေ့မှစ၍ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ပြည်သူများနှင့် ပူးပေါင်းကာ မြို့တွင်း အမှိုက်ကောက်မည်

တာချီလိတ် NLD မှ ဒီဇင်ဘာလ(၁၃)ရက်နေ့မှစ၍ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ပြည်သူများနှင့် ပူးပေါင်းကာ မြို့တွင်း အမှိုက်ကောက်မည်
ဒီဇင်ဘာ 12, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူများနှင့် ပူးပေါင်းကာ အမှိုက်ကောက်ခြင်းကို  ဒီဇင်ဘာလ (၁၃)ရက်နေ့မှ စ၍ အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ပြုလုပ်ရန်အတွက် ယနေ့ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် NLD ရုံးတွင် အစည်းအဝေးပြုလုပ်ကြသည်။

"စုရပ်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မနက်(၆)နာရီခွဲစုပြီး ၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတား နှင့် ၀မ်ကောင်းဈေး ၀န်းကျင်ရှိ နမ့်ယွန်းချောင်းတို့မှာ မနက် (၇) နာရီကနေ (၁၀)နာရီအထိ ပြုလုပ်သွားမှာပါ.."ဟု တာချီလိတ် NLD မှ ဒေါ်ခင်သန်းမူက ပြောသည်။

"အဓိက က ပြည်သူတစ်ရပ်လုံး ပါဝင်စေချင်တာပါ၊ ဘယ်ပါတီစွဲ ၊ဘယ်ပုဂ္ဂိုလ်စွဲမှ မဟုတ်ဘဲ အားလုံးပါဝင်မှ တိုင်းပြည်တစ်ခုလုံး ပြောင်းလဲမှာပါ၊ ဒါကြောင့် ပထမဦးဆုံး ခြေလှမ်းဖြစ်တဲ့ အမှိုက်ကောက်ခြင်းမှာ ပြည်သူအားလုံး ပါဝင်ရန် တိုက်တွန်းလိုပါတယ်၊ ဖြစ်နိုင်ရင် မိမိတို့အိမ်က ပေါက်ပြား/ပေါက်တူး စတဲ့ သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများယူလာပြီး လာရောက် ပါဝင်စေချင်ပါတယ်"ဟု NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ပြောသည်။

"နမ့်ယွန်းချောင်းက မြို့လယ်ခေါင်က ချောင်းဖြစ်ပြီး ၊ အခုထိ အမှိုက်တွေ စွန့်ပစ်နေတုန်း ၊ တချို့အိမ်ဆို အိမ်သာကျင်းမတူးဘဲ၊ အိမ်သာပိုက်ကို ချောင်းဘက်လှည့်ထားကြတာတွေ တွေ့ရတယ်၊ အဲဒါတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သတိပေးသင့်ပါတယ် " ဟု ၀မ်ကောင်းမြို့မဈေးမှ ကိုခင်မောင်ဦးက ပြောသည်။

ပြည်သူတစ်ရပ်လုံးပါဝင်နိုင်သည့် အမှိုက်ကောက်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့က ဦးဆောင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~