ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၁၅ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ နေ့နက် (၁၁)နာရီအချိန်ခန့်က ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း(၃၉၈၆)သိန်းရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မူးယစ်အဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရှိန်အဟုန်မြှင့်တင်ကာ ဆောင်ရွက်နေလျက်ရှိရာမှ စက်တင်ဘာလ (၁၅)ရက်နေ့ နံနက်(၁၁)နာရီ အချိန်တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ နမ့်ခမ်းမြို့နယ် ရွှေလီ(၁)ရေအားလျှပ်စစ် - မန်တပ်ကျေးရွာသွားလမ်း၊ တွန်ပုတ်ကျေးရွာအ၀င် လမ်းထိပ်တွင် လျှို့ဝှက်စောင့်ဆိုင်းနေစဉ် နမ့်ပန်ရွာဘက်မှ တွန်ပုတ်ရွာဘက်သို့ လမ်းလျှောက်လာသူ လောက်ဆူ(ကျား)နှင့် အောင်ကြည်(ကျား)တို့ (၂)ဦးအား စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများ အမြောက်အများကို ရှာဖွေသိမ်းဆည်းရမိတာဖြစ်ကြောင်း အဆိုပါ ဖမ်းဆီးရေးအဖွဲ့မှ သိရသည်။
ထိုသို့ရှာဖွေရာတွင် လောက်ဆူ(ကျား) ကျောပိုးထားသည့် ကျောပိုးအိတ်အတွင်းမှ Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၉၅,၀၄၀)ပြား နှင့် ဘိန်းဖြူမှုန့် စုစုပေါင်း (၄၅၆)ဂရန်တို့ကို တွေ့ရှိရပြီး အောင်ကြည်(ကျား) ကျောပိုးထားသည့် ကျောပိုးအိတ်အတွင်းမှ Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၉၅၀၄၀)ပြားနှင့် ဘိန်းဖြူမှုန့် စုစုပေါင်း (၄၆၈)ဂရမ်ခန့်တို့ကို ရှာဖွေရာရရှိရာ စိတ်ကြွဆေးပြား စုစုပေါင်းမှာ ( ၁၉၀,၀၈၀ )ပြား နှင့် ဘိန်းဖြူ စုစုပေါင်းမှာ (၉၂၄)ဂရမ်ခန့် ရှိသည့်အတွက် စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၃၉၈၆)သိန်းရှိကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ လောက်ဆူ(ကျား)နှင့် အောင်ကြည်(ကျား)တို့ နှစ်ဦးအား နမ့်ခမ်းမြို့မရဲစခန်းတွင် မယ(ပ)၁၀၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။