၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ(၈)ရက်နေ့တွင် တစ်ပြိုင်နက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကျင်းပမည့်နည်းတူ တာချီလိတ်ခရိုင်အတွင်း၌လည်း ကျင်းပပြုလုပ်မည်ဖြစ်ရာ တာချီလိတ်ခရိုင်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ နှင့် လူမှုရေး အသင်းအဖွဲ့များ တွေ့ဆုံ ညှိနှိုင်းမှုကို ယနေ့ စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်ခရိုင်အတွင်း ကျင်းပမည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှမင်းက လာမည့်ရွေးကောက်ပွဲ ကာလအတွင်း ရဲတပ်ဖွဲ့မှ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ "အကြမ်းဖက်မှုများ၊ ပြည်တွင်း/ပြည်ပ လုံခြုံရေး စီမံချက်များ၊ ဒေသအလိုက် အုပ်ချုပ်ရေးအပိုင်းများ၊ ဆန္ဒမဲလက်မှတ်များ သယ်ဆောင်သည့် လမ်းကြောင်းတွင် ဖျက်ဆီးမှုများ မရှိစေရန် ဆောင်ရွက်ထားရှိရေး၊ မဲရုံများနှင့် ပတ်သက်၍ ယခင်က မဲရုံစာရင်းမှာ (၁၅၉)ရုံသာရှိခဲ့ပြီး နောက်တိုးအနေဖြင့် မဲရုံ(၆)ရုံကို တိုးမြှင့်ရန် စီစဉ်ထားရှိရာ မဲရုံစုစုပေါင်း (၁၆၅)ရုံရှိကြောင်း၊ ထို့အတွက် ရွေးကောက်ပွဲအတွက် ခန့်အပ်ထားရှိသည့် အထူးရဲများကိုလည်း ထပ်မံ၍ ခန့်အပ်သွားရန် ရှိကြောင်းအပြင် တာချီလိတ်ခရိုင်အတွင်း၌ နိုင်ငံရေးပါတီ (၉)ခုအနက် ပါတီ(၈)ခုမှ ၀င်ရောက်၍ ကိုယ်စားလှယ်လောင်းများအဖြစ် အရွေးခံမှာဖြစ်ကြောင်း.." ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ "ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးအတွက် ဆက်သွယ်ရေးကွန်ယက် တည်ဆောက်ထားမည့် ဆက်သွယ်ရေးစက် အရေအတွက်အား ခရီးဝေး ဆက်သွယ်ရေးစက်၊ ခရီးတို အထိုင်စက် နှင့် လက်ကိုင် စကားပြောစက်အား လက်တလောတွင် စုစုပေါင်း (၁၈၂)လုံး ခန့်မှန်းတွက်ချက်ထားရှိကြောင်း နှင့် ဆန္ဒမဲပေးသူများအနေဖြင့် တစ်နေရာထက်ပို၍ ဆန္ဒမဲပေးမိပါက ပုဒ်မ (၅၉)နှင့် ငြိစွန်းကြောင်း၊ တစ်ကြိမ်ထက် မဲပိုပေးမိပါကလည်း ချမှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းကြောင်းအပြင် မဲဆန္ဒရှင်ကိုယ်စား မဲပေး၍လည်း မရကြောင်း.." ဒုတိယရဲမှူးကြီးလှမင်းက ဆက်လက်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာချီလိတ်ခရိုင်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးမေးမြန်းကြသည်။
ထိုသို့ အပြန်အလှန် ဆွေးနွေးမေးမြန်းကြရာတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဦးမောင်မောင်က မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆွယ်စည်းရုံးမည့် ခရီးစဉ်များတွင် လုံခြုံရေး ထားရှိရေးကိစ္စနှင့် အရေးအကြောင်း ပေါ်ပေါက်လာပါက ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို ဖြန့်ဝေပေးထားလိုကြောင်း ဆွေးနွေးတင်ပြရာ ခရိုင်ရဲတပ်ဖွဲ့မှူးက မဲဆွယ်စည်းရုံးရာတွင် လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့များထားရှိထားသော်လည်း တစ်နေ့တည်းတွင် ပါတီများ ထပ်နေပါက လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် (၁)ဦးမှ (၂)ဦးအထိ လိုက်ပါရေးကိုလည်း စီစဉ်ပေးထားကြောင်း ဆက်သွယ်ရေးနှင့် ပတ်သက်၍လည်း ခရိုင်စီမံခန့်ခွဲမှုနှင့် အစည်းအဝေးပြုလုပ်ကာ လုံခြုံရေးဆိုင်ရာရုံးကို ဖွင့်လှစ်ထားရှိဖို့ အစီအစဉ်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ရန်အောင်မြေရပ်ကွက်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဘိုချိုက ၎င်းတို့ရပ်ကွက်သည် မြန်မာ့ဆက်သွယ်ရေးဖြစ်သည့် MPT ဖုန်းလိုင်းမှာ ဆက်သွယ်မှုအား မကောင်းသည့်အတွက် ရွေးကောက်ပွဲ ကာလအတွင်း ဆက်သွယ်မှုအနေဖြင့် စကားပြောစက်များ ကိုင်ဆောင်ခွင့်ပေးမည်ဆိုပါက အဆင်ပြေနိုင်ပါကြောင်း တင်ပြဆွေးနွေးရာ ခရိုင်ရဲတပ်ဖွဲ့မှူးက ရဲတပ်ဖွဲ့မှ ရွေးကောက်ပွဲအတွက် ခန့်အပ်ထားရှိပြီးဖြစ်သည့် အထူးရဲတို့တွင် စကားပြောစက် တစ်ဦးလျှင် တစ်လုံးနှုန်းဖြင့် ထားရှိပေးသွားမှာဖြစ်ကြောင်း နှင့် ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် စကားပြောစက် ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ညှိနှိုင်းစေလိုကြောင်း ရှင်းလင်း ဖြေကြားသည်။
ယင်းအပြင် တာချီလိတ်မြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စိုးဥမ္မာက ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသားများအနေဖြင့် အခွင့်ရေးတရပ်အနေဖြင့် မဲပေးသည့် ကာလရောက်သည့်အခါမှသာ မဲပေးနိုင် မဲပေးနိုင်ရေးရှိမရှိ နှင့် တာချီလိတ်ခရိုင်အတွင်း ၀င်ပြိုင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မီဒီယာပိုင်းအနေဖြင့် အသံလွှင့်ရေးကိစ္စနှင့် ပတ်သက်၍ ထုတ်လွှင့်နိုင်ရေးကို ကော်မရှင်အနေဖြင့် ကူညီပေးဆောင်ရွက်ပေးနိုင်မှု ရှိမရှိ အပြင် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း တင်ပြဆွေးနွေးသွားသည်။
၎င်း၏ ဆွေးနွေးတင်ပြမှုအပေါ် ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် မဲပေးကာလရောက်သည့်အခါမှ မဲပေးနိုင်ရေးကို အခွင့်အရေးတရပ်အနေဖြင့် သတ်မှတ်ထားခြင်းရှိမရှိ၊ မဲစာရင်းတွင် အမည်ပါရှိမှာသာ မဲပေးနိုင်မှာဖြစ်ကြောင်း၊ မီဒီယာနှင့် ပတ်သက်၍ မြန်မာ့အသံသို့ သတ်မှတ်ချက်များအတိုင်း ပို့ဆောင်ပေးရမှာဖြစ်ကြောင်း နှင့် လုံခြုံရေးနှင့်ပတ်သက်၍ စီမံ ထားရှိပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင်က အခြေခံမဲဆန္ဒရှင် စာရင်းများကို ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့်အတူ လွှတ်တော်အလိုက် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းများကို လက်ခံထားရှိပြီးကြောင်းနှင့် မဲရုံ စာရင်းများ စသည့် ရွေးကောက်ပွဲလုပ်ငန်းများ နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ယင်းညှိနှိုင်းတွေ့ဆုံပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးကြည်ဝင်းမောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးထိန်မင်း နှင့် ခရိုင်/မြို့နယ်/ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၂၃၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ