တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ယနေ့ ဇူလိုင်လ(၂၃)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ ယင်းတွေ့ဆုံပွဲတွင် အဖွဲ့ဝင်များ၏ သားသမီးပညာရေးနှင့် ပတ်သက်၍ အထူးအလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ဌေးဝင်းမှ စစ်မှုထမ်းဟောင်းမှန်လျှင် စစ်မှုထမ်းဟောင်းအဖွဲ့ထဲသို့ ၀င်ရောက်နိုင်ရေးအတွက် နီးစပ်ရာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များမှ ကူညီပေးစေလိုကြောင်းကို ပြောကြားပြီး၊ စစ်မှုထမ်းဟောင်းအဖွဲ့တွင် အသက်(၇၅)နှစ်ပြည့် ထောက်ပံ့ပေးခြင်းများကိုလည်းကောင်း၊ ပညာသင်ထောက်ပံ့စရိတ်များနှင့် အခြားထောက်ပံ့မှုများကို လည်းကောင်း၊ အဖွဲ့ဝင်များ၏ သားသမီးများအနေဖြင့် ကျိုင်းတုံတွင် တက္ကသိုလ် တက်ရောက်လိုပါက အဆောင်နေရန် အခက်အခဲ နှင့် စားစရိတ်များအတွက်လည်း တစ်ဝက်ကို ထောက်ပံ့ပေးအပ်နိုင်ရေးကို တိုင်းစစ်ဌာနချုပ်မှ စီစဉ်ထားရှိပေးကြောင်း အဖွင့်အမှာစကားအဖြစ် ပြောကြားသွားသည်။
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အနေဖြင့် နိုင်ငံရေးပါတီနှင့် ပတ်သက်ပြီး ဆက်နွယ်လျှင် အဖွဲ့မှ ထုတ်ပယ်သွားနိုင်သော်လည်း လာမည့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီကိုမဆို လွတ်လပ်စွာဖြင့် မဲပေးခွင့်ရှိကြောင်းနှင့် မိမိမဲပေးလိုက်သည့် ပါတီသည် ဒေသအကျိုးကို ပြုသည့် ပါတီဖြစ်မဖြစ်ကိုတော့ စဉ်းစားပြီးမှသာ မဲပေးစေလိုကြောင်း ၎င်းမှ ထပ်မံ ရှင်းလင်းပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးလုကာ(ငြိမ်း)မှ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ အဖွဲ့ဝင်များအနေဖြင့် အထူးကင်းရှင်းရန် လိုကြောင်း နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍လည်း သတင်းရရှိပါက သတင်းပေးရေးနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်စေရေးတို့ကို ပြောကြားပြီး ပညာရေးနှင့် ပတ်သက်၍ ရှမ်း/ရှေ့တွင် စာမတတ်သူမှာ (၆၀)ရာခိုင်နှုန်းကျော်ရှိသည့်အတွက် အဖွဲ့ဝင် မိသားစုများရှိ ကျောင်းနေရွယ် ကလေးသူငယ်များလည်း စာတတ်မြောက်စေရန်အတွက် အထူးလိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသွားသည်။
ယင်းနောက် တာချီလိတ်မြို့နယ်စစ်မှူထမ်းဟောင်းစည်းရုံးရေးကော်မတီ ဥက္ကဌ ဗိုလ်ကြီး ကျော်ဇင်(ငြိမ်း)က အဖွဲ့ဝင်စည်းရုံးရေးနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ်တွင် အဖွဲ့ဝင်အင်အား အနေဖြင့် အဖွဲ့ဝင်(၃၅၅)ဦး နှင့် အရံအဖွဲ့ဝင် (၄၅၀)ဦး စုစုပေါင်း (၈၀၅)ဦးရှိခဲ့ပြီး ၂၀၁၅ခုနှစ် ဇွန်လအထိ အဖွဲ့ဝင်အင်အားအနေဖြင့် အဖွဲ့ဝင် (၃၇၁)ဦး နှင့် အရံအဖွဲ့ဝင် (၅၅၁)ဦး စုစုပေါင်း (၉၂၂)ဦးရှိသည့်အတွက် ကာလအတွင်း အဖွဲ့ဝင်(၁၆)ဦး နှင့် အရံအဖွဲ့ဝင်(၁၀၁)ဦး စုစုပေါင်း (၁၁၇)ဦးအထိ စည်းရုံးကာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ဘဏ္ဍာငွေနှင့် ပတ်သက်၍ ၀င်ငွေ၊ ထွက်ငွေစာရင်းများကို ဖတ်ကြားရှင်းလင်းပြီးနောက် အဖွဲ့ဝင်၏ သားသမီးများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရေးထောက်ပံ့နိုင်ခဲ့ကြောင်း၊ ရေကြီးရေလျှံမှုများတွင်လည်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း နှင့် အဖွဲ့ဝင်များ၏ သာရေး/နာရေးနှင့် အခြားကိစ္စရပ်များတွင်လည်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ရှင်းလင်း တင်ပြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ ပညာရေး၊ လူမှုရေးအခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းခဲ့ကြသည်။