နမ့်ခမ်းမြို့ မန့်ဟောင်းကူးတို့ဆိပ် အနီး၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နမ့်ခမ်းမြို့ မန့်ဟောင်းကူးတို့ဆိပ် အနီး၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇူလိုင် 10, 2015
By Tachileik News Agency

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဇူလိုင်လ (၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်က မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ရွှေလီစစ်ဆင်ရေး(၂) စီမံချက်အရ မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော် နှင့် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့ အပါအ၀င် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းများအရ နမ့်ခမ်း - မန့်ဟောင်းကူးတို့ဆိပ်သွား ကားလမ်း၊ မန့်ဟောင်းကျေးရွာ အ၀င် ကားလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် နမ့်ခမ်းမြို့ဘက်မှ မန့်ဟောင်းကူးတို့ ဆိပ်ဘက်သို့ ရွှင်လွေ့ချန့်(ကျား) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းစဉ် ၎င်းမှ ဆိုင်ကယ်နောက်ပြန်လှည့်ကာ မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံ လုံးထွေး၍ ဖမ်းဆီးရာ ၎င်းထံမှ မူးယစ်ဆေးဝါးများကို ရှာဖွေ ရရှိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

ထိုသို့ ဖမ်းဆီးရမိရာတွင် ဆိုင်ကယ်ဖင်ထိုင်ခုံအောက် တူးဘောက်စ်အတွင်း သိုဝှက်သယ်ဆောင်လာပြီး စုစုပေါင်း အလေးချိန် (၃)ကီလိုခန့်ရှိသည့် ဘိန်းစိမ်း နှင့် Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၁၉၀)ပြားတို့ကို ရှာဖွေရရှိရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၃၃)သိန်းခန့် တန်ဖိုးရှိကြောင်း နှင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ ၎င်းအား နမ့်ခမ်းမြို့မရဲစခန်းတွင် မယ(ပ) ၇၆/၂၀၁၅၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~