မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ်(အဖွဲ့ခွဲ) တာချီလိတ်မှ ပညာရည်ထူးချွန် ဂေါ်ရခါး လူငယ်မောင်မယ်များအား ဂုဏ်ပြုဆုများ ချီးမြှင့်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ်(အဖွဲ့ခွဲ) တာချီလိတ်မှ ပညာရည်ထူးချွန် ဂေါ်ရခါး လူငယ်မောင်မယ်များအား ဂုဏ်ပြုဆုများ ချီးမြှင့်
ဇူလိုင် 12, 2015
By Tachileik News Agency

နေပါလီ စာပေယဉ်ကျေးမှု၏ ဖခင်ကြီး က၀ိ ဘာနူဘက်သားအာကျာရ်ယာ၏ (၂၀၁)ကြိမ်မြောက် မွေးနေ့ အထိမ်းအမှတ်အား ရည်စူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်(အဖွဲ့ခွဲ) တာချီလိတ်တွင် ၂၀၀၉ ခုနှစ်မှ စ၍ ၂၀၁၅ ခုနှစ်အထိ တာချီလိတ်မြို့မှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးအား ဇူလိုင်(၁၂)ရက်နေ့ နေ့လည်ပိုင်းက ပညာရည်ချွန် ဂုဏ်ပြု ချီးမြှင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ နေပါလီစာပေနဲ့ ယဉ်ကျေးမှုရဲ့ ဖခင်ကြီးဖြစ်တဲ့ သူကို ရည်စူးပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတွေကို အမှတ်တရဖြစ်အောင် နောက်ထပ် ထူးချွန်တဲ့ ကလေးတွေပေါ်ထွက်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဂုဏ်ပြုပွဲလေးကို ကျင်းပတာပါ.."ဟု တာချီလိတ်မြို့ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့မှ ဒုတိယ ဥက္ကဌဖြစ်သူ အင်ဒီရာဂျစ်မှ ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ် ပညာသင်နှစ်အထိ တာချီလိတ်မြို့တွင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ဂေါ်ရခါး လူငယ်မောင်မယ်ပေါင်း (၂၅)ဦးရှိခဲ့ရာ ၂၀၀၉ ခုနှစ်တွင်လည်း ယခုကဲ့သို့ ဂုဏ်ပြုပွဲအား ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအကြိမ်မှာ ဒုတိယအကြိမ်အဖြစ် ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း နှင့် ၂၀၁၅ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ (၆)ဦး ရှိခဲ့ပြီး (၃)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၂)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂)ဦးရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ဂေါ်ရာခါးဟိန္ဒူဓမ္မအဖွဲ့ခွဲ ဘုရားကျောင်းတွင် ဂေါ်ရခါးဟိန္ဒူယဉ်ကျေးမှုများ မပျောက်ပျက်စေရန် ၂၀၀၈ ခုနှစ်မှ စတင် ဆောင်ရွက်လျှက်ရှိပြီး နွေရာသီကျောင်းပိတ်ကာလများတွင် စာပေ၊ ယဉ်ကျေးမှုများနှင့် ယဉ်ကျေးလိမ္မာစာပေများ၊ ဓမ္မစာပေများနှင့် ဗုဒ္ဓစာပေများကိုလည်း သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

ဂေါ်ရခါးလူမျိုးစု၏ ၂၀၁၅ ခုနှစ် မေလအတွင်း လူဦးရေစစ်တမ်းအရ တာချီလိတ်မြို့တွင် ဂေါ်ရခါးလူမျိုးစု လူဦးရေ (၉၇၅)ဦးရှိပြီး အိမ်ခြေပေါင်း(၁၁၈)အိမ်ခန့်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ်၊ အဖွဲ့ခွဲ(တာချီလိတ်)မှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~