ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်တွင် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ ကို ယနေ့ ဇူလိုင်လ (၅)ရက်၊ နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ဆန်ဆိုင်း)ရှိ ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ဆရာတော်သံဃာတော်များ၊ ခရိုင်ပညာရေးမှူး ဒေါ်သက်ထား၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ၊ ဒုတိယမြို့နယ်ပညာရေးမှူး နှင့်လက်ထောက် မြို့နယ်ပညာရေးမှူးများ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်များမှ အခြေခံပညာအထက် တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ ပညာရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက် (၁၀)ရပ်ကို မူဝါဒအဖြစ်ချမှတ်ခဲ့ပြီး၊ ယင်းမူဝါဒအား ပြောင်းလဲကျင့်သုံးမည့် ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ဆက်စပ်၍ အမျိုးသား ပညာရည်မြင့်မားရေး အနှစ်(၂၀)နှစ်ရှည် စီမံကိန်း(၂၀၁၁-၂၀၁၂ မှ ၂၀၃၀ -၂၀၃၁)အား စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေဖို့ ပြည်တွင်း ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီး မှ ပညာရှင် ကိုယ်စားလှယ်များပါဝင်သော "ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ် ရေးလုပ်ငန်း ” ( Comprehonsive Education Sector Review )ကို အဆင့်(၃)ဆင့်ဖြင့် လုပ်ငန်းစဉ်များ၊ စီမံချက်များ၊ ပညာရေး ဥပဒေများ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း"ဟု ပြောကြားသည်။
ဆက်လက်၍ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး (CESR)မှ Task Force Manager ပါမောက္ခ Dr.သန့်စင် က ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်း အစီအစဉ်များကို လည်းကောင်း၊ (CESR) မှ အကြံပေးပညာရှင် Dr.ဒေါ်ဌေးရီက ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဆင့်(၃) အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၉)ရပ်ကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်ရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် ၊ ကျောင်းသားမိဘများ ၊ ကျောင်းဆရာ၊ဆရာမများ၊ အုပ်ထိန်းသူများနှင့် တက်ရောက်လာသူများက အသီးသီး အကြံပြုဆွေးနွေးကြရာ Task Force Manager ပါမောက္ခ Dr.သန့်စင် နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင် တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မွန်းလွဲ(၁)နာရီတွင် ဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ အခြေခံပညာရေးဥပဒေ (မူကြမ်း) နှင့် ပုဂ္ဂလိကပညာရေးဥပဒေ (မူကြမ်း)တို့ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က လည်းကောင်း၊ နည်းပညာနှင့် သက်မွေးပညာ ဥပဒေ (မူကြမ်း)ကို ခရိုင်ပညာရေးမှူးဒေါ်သက်ထားက လည်းကောင်း အသီးသီးဆွေးနွေးတင်ပြပြီး၊ တက်ရောက်လာသူများက ပြန်လည် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း။ ။ ဝေယံလင်း
ဓါတ်ပုံ။ ။ ဇောင်းညီ