အပြင်းစား ကြက်ငှက်တုပ်ကွေးဆိုင်ရာ နှင့် ဇီဝလုံခြုံမှု တာချီလိတ်၌ ရှင်းလင်းဆွေးနွေး

အပြင်းစား ကြက်ငှက်တုပ်ကွေးဆိုင်ရာ နှင့် ဇီဝလုံခြုံမှု တာချီလိတ်၌ ရှင်းလင်းဆွေးနွေး
ဇူလိုင် 1, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် FAO တို့ ပူးပေါင်း၍ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများတွင် လူများစွာတို့အား ခြိမ်းခြောက်နေသည့် အပြင်းစားကြက်ငှက် တုပ်ကွေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများနှင့် ဇီဝလုံခြုံမှုဆွေးနွေးပွဲကို ယနေ့ ဇူလိုင်(၁)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကြက်ငှက်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကြက်၊ ဘဲ နှင့် ကြက်၊ ဘဲထွက် ပစ္စည်းရောင်းဝယ်သူများ၊ ကြက်မွေးမြူရေး လုပ်ငန်းရှင်များ၊ ၀က်နှင့် ၀က်သား ပြုပြင်ထုတ်လုပ်ရောင်းချသူများ၊ အေးခဲကြက်သား တင်သွင်းခွင့်ရ ကုမ္ပဏီများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ တက်ရောက်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO) မှ အမျိုးသား အကြံပေးအရာရှိ ဒေါက်တာကြည်မာအောင်က အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားခြင်း သတင်းအချက် အလက်နှင့် ရောဂါထိန်းချုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက် လာသူများက သိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါကြက်ငှက်တုပ်ကွေးဆိုင်ရာ သုတေသန အဖွဲ့သည် ၀မ်ကောင်းမြို့မဈေး နှင့် ပုဂ္ဂလိက ဈေးများဖြစ်သည့် ဘုရင့်နောင်ဈေး၊ ဆန်ဆိုင်းဈေး၊ အာခါဈေး၊ ဖန်မင် ကျေးရွာအုပ်စုရှိ ပါဝုန်းဈေး တို့တွင် ကြက်၊ ၀က်အသား ကုန်စည်စီးဆင်းမှု၊ ဈေးနှုန်းကြည့်၍ အကဲဖြတ်ခြင်း၊ အများ ပြည်သူစားသုံးရန် သင့်လျော်မှုရှိ၊ မရှိ မျက်မြင် အနေအထားအား ကြည့်ရှုစစ်ဆေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်များတွင် ဇူလိုင်လ (၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဈေးများ၊ မွေးမြူရေခြံများသို့ ကွင်းဆင်း လေ့လာပြီးမှတ်တမ်းကောက်ယူကာ အပြင်းစားကြက် ငှက်တုပ်ကွေး ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး သုတေသန ပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net