တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အိမ်အမှတ် (၄/၁၄၃)တွင် နေထိုင်သူ အသက်(၃၄)နှစ်ရှိ ဒေါ်နန်းနွန်းသည် မျက်စိကင်ဆာ ရောဂါကို ခံစားနေရပြီးနောက် ၂၀၁၅ခုနှစ် ဇူလိုင်လ(၂၂)ရက် ညပိုင်းက ကွယ်လွန်သွားကြောင်း နှင့် ယနေ့ ဇူလိုင်လ(၂၃)ရက် နေ့လည်(၁)နာရီတွင် နေအိမ်မှ ပုံလို့လမ်းရှိ နဂါးနှစ်ကောင် ဆရာတော်လှူဒါန်းထားသော သုဿန်တွင် မီးသဂြို င်္ဟ်မှာဖြစ်ကြောင်း ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင်မှ အသိပေးပြောကြားလာရာ စေတနာရှင်များမှ လှူဒါန်းထားသည့် လက်ကျန် အလှူငွေများကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့)မှ သွားရောက်ကာ အပ်နှံခဲ့ကြသည်။
ထိုသို့ လွှဲပြောင်းအပ်နှံရာတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်း/ရှေ့)မှ ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် အတွင်းရေးမှူး ကိုဇောင်း(တာချီလိတ်သတင်းအေဂျင်စီ)တို့မှ ကျန်ရစ်သူ မိသားစုဝင်များထံ လက်ဝယ်အရောက် အပ်နှံပေးရာ ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် မှ ငွေလွှဲပြောင်း ပေးအပ်မှုကို လက်မှတ်ရေးထားကာ မိသားစုကိုယ်စား လက်ခံထားရှိပေးသည်။
"ကျွန်တော်တို့ အနေနဲ့ကတော့ ဒီငွေတွေကို လက်ခံသိမ်းဆည်းပေးသွားပြီးရင် လာမဲ့ ဇူလိုင်လ(၂၅)ရက် ရပ်ကွက် အစည်းအဝေးမှာ ရပ်မိရပ်ဖတွေနဲ့ ကျန်ရစ်သူ ကလေးတွေရဲ့ ပညာရေးကိစ္စတွေ၊ သင့်တော်မဲ့ အစီအမံများကို ဘယ်လိုလုပ်ရမလဲဆိုတာကို ဆွေးနွေးတိုင်ပင်သွားမှာပါ၊ သူတို့ မိသားစုက အဆင်မပြေတော့ ဒီငွေနဲ့ ရေရှည်အတွက် ဘာဆက်လုပ်သွားမလဲဆိုတာကို အဖြေရှာပြီး ဆောင်ရွက်ပေးသွားမှာပါ..."ဟု ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင်က ပြောသည်။
မျက်စိကင်ဆာရောဂါကို တစ်နှစ်ကျော်အကြာ ခံစားခဲ့ရပြီး ဇူလိုင်လ(၂၂)ရက်နေ့က ကွယ်လွန်သွားသော အသက်(၃၄)နှစ်ရှိ ဒေါ်နန်းနွန်းတွင် ကျောင်းနေရွယ် သမီး(၂)ဦးရှိပြီး ၎င်း၏ အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားမှာလည်း နားမကြားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။