စက်ဘီးတစ်စီးဖြင့် မြန်မာနိုင်ငံအနှံ့ပတ်ကာ ဘုရားဖူးနေသည့် ဇနီးမောင်နှံ(၂)ဦး တာချီလိတ်မှ ကျိုင်းတုံသို့ ထွက်ခွာ

စက်ဘီးတစ်စီးဖြင့် မြန်မာနိုင်ငံအနှံ့ပတ်ကာ ဘုရားဖူးနေသည့် ဇနီးမောင်နှံ(၂)ဦး တာချီလိတ်မှ ကျိုင်းတုံသို့ ထွက်ခွာ
ဇူလိုင် 2, 2015
By Tachileik News Agency

စက်ဘီးတစ်စီးဖြင့် မြန်မာနိုင်ငံအနှံ့ပတ်ကာ ဘုရားဖူးရန်အတွက် ၂၀၁၄ခုနှစ် မေလ(၂၉)ရက်နေ့က ၎င်းတို့နေထိုင်ရာ နေပြည်တော် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်မှ ထွက်ခွာလာပြီး ၂၀၁၅ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် ဇနီးမောင်နှံနှစ်ဦးသည် ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၂)ရက် နံနက်(၁၀)နာရီအချိန်က တာချီလိတ်မြို့မှ ကျိုင်းတုံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အသက်(၅၈)နှစ်ရှိ ဦးချို နှင့် ဒေါ်သန်းမြင့်(ဒေါ်ခင်မြင့်ဝင်း)တို့ ဇနီးမောင်နှံသည် စက်ဘီးတစ်စီးဖြင့် ဇာတိဖြစ်သည့် နေပြည်တော်မှ တဆင့် မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုပ္ပား၊ ပုဂံ၊ ပြည်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့များအပါအ၀င် အခြားမြို့များသို့ ရောက်ရှိခဲ့ပြီးနောက် တာချီလိတ်မြို့သို့ လာရောက်ပြီး ဘုရားဖူးနိုင်ရန်အတွက် ကြိုးပမ်းသော်လည်း အသက်(၅၈)နှစ်ရှိ ဦးချို၏ ကျန်းမာရေးအရ တောင်တက်တောင်ဆင်းများပေါ် စက်ဘီးဖြင့် သွားလာရာမှ အခက်အခဲဖြစ်သည့်အတွက် တာချီလိတ်မြို့ တာလော့ရပ်ကွက်နေ ကိုအောင်ဆန်းဝင်း (ခ) ကိုမောင်ဝင်း၏ စီစဉ်ပေးမှုဖြင့် ကားဖြင့်ခေါ်ဆောင်ကာ တာချီိလိတ်မြို့အတွင်းနှင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ဘုရားဖူးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇနီးမောင်နှံ(၂)ဦး တာချီလိတ်သို့ ရောက်ရှိလာချိန်တွင် တာချီလိတ်မြို့ရှိ စေတနာရှင်များမှ ဘုရားဖူးစရိတ်နှင့်အတူ လိုအပ်သည်များတွင် အထွေထွေ အသုံးပြုနိုင်ရန်အတွက် ၀ိုင်းဝန်း၍ ထောက်ပံ့ကူညီလှူဒါန်းကြရာတွင် ကျပ်(၅၈၈၀၀၀)ရှိရာ လမ်းခရီးတွင် တစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်သည့်အတွက် ကျပ်(၅)သိန်းအား အဆိုပါဇနီးမောင်နှံ တည်းခိုမည့် ရွှေညောင်ရှိ ဇေယျာထွန်း တည်းခိုခန်းသို့ လွှဲပေးထားကြောင်း နှင့် ကျန်ပိုငွေများကို ဇနီးမောင်နှံ(၂)ဦးထံ ပေးလိုက်ကြောင်း တာချီလိတ်၌ ကူညီဆောင်ရွက်ပေးသူ  ကိုအောင်ဆန်းဝင်း (ခ) ကိုမောင်ဝင်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

တာချီလိတ်မြို့မှ ကျိုင်းတုံသို့ ရောက်သည့်အခါမှာ ဟိုတယ်ခေမာရဋ္ဌ ( Hotel Khema Rattha  ) ပိုင်ရှင် ဦးရဲမြင့်အောင်မှ အခမဲ့ တည်းခိုခွင့်ပေးမှာဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် အခြားနယ်များတွင်စက်ဘီးဖြင့် သွားလာခဲ့သော်လည်း ရှမ်းပြည်ခရီးစဉ်ကို စက်ဘီးသယ်ဆောင်ကာ မော်တော်ယာဉ်လိုင်းဖြင့်သွားရောက်ပြီး ရှမ်းပြည်နယ်အလွန်မှသာ စက်ဘီးဖြင့် ပြန်လည်၍ ဆက်လက် ဦးတည်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ ကျိုင်းတုံသို့ ကားဖြင့်သွားရောက်ရာတွင် ရွှေပြည်တော် ( HIACE - မှန်လုံအသေး အဆင့်မြင့် အမြန်ယာဉ်ငယ်အသင်း )ယာဉ်လိုင်းမှ မေတ္တာဖြင့် အခမဲ့ လိုက်ပါပို့ဆောင်ပေးကြောင်း သိရသည်။

စက်ဘီးတစ်စီးဖြင့် မြန်မာနိုင်ငံအနှံ့ပတ်ကာ ဘုရားဖူးနေသည့် ဇနီးမောင်နှံ(၂)ဦးသည် တာချီလိတ်မှ ကျိုင်းတုံ၊ ကျိုင်းတုံမှ တောင်ကြီး ထိုမှတဆင့် ညောင်ရွှေသို့ ဆက်လက်ထွက်ခွာမှာဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ်သတင်း
စက်ဘီးတစ်စီးဖြင့် မြန်မာနိုင်ငံအနှံ့ ဘုရားဖူးထွက်လာသည့် ဇနီးမောင်နှံ တာချီလိတ်သို့ ရောက်ရှိ
http://www.tachileik.net/2015/06/cy.html

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~