မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသူ (၄၄)ဦး ၀င်ရောက် ယှဉ်ပြိုင်

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသူ (၄၄)ဦး ၀င်ရောက် ယှဉ်ပြိုင်
ဇွန် 25, 2015
By Tachileik News Agency

ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ ဇွန်လ(၂၅)ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် ကျင်းပပြုလုပ်ရာ ၀င်ရောက်ယှဉ်ပြိုင်သူ ကျောင်းသူ စုစုပေါင်း (၄၄)ဦး ရှိကြောင်း သိရသည်။

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် အလယ်တန်းအဆင့်အား "အမျိုးသမီးရေးရာ အကြောင်း သိကောင်းစရာ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်အား "မြတ်နိုးစရာ မေမြန်မာ၊ ပြည်သူ့အကျိုး သယ်ဆောင်ပိုး"ခေါင်းစဉ်ဖြင့်လည်းကောင်း သတ်မှတ်ထား၍ ပြိုင်ပွဲအားကျင်းပပြုလုပ်ရာ ကျောင်းသူလေးများမှ ၀င်ရောက်ဖြေဆိုကြခြင်းဖြစ်သည်။

အဆိုပါ စာစီစာကုံး ပြိုင်ပွဲသို့ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များအပြင် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း နှင့် ဆရာ/မများမှ ကြည့်ရှုအားပေးကြပြီး ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌ တို့မှ အနီးကပ်ကြီးကြပ်ကာ အားပေးခဲ့ကြသည်။

ယင်းပြိုင်ပွဲတွင် အထက်တန်းအဆင့်အနေဖြင့် "မြတ်နိုးစရာ မေမြန်မာ၊ ပြည်သူ့အကျိုး သယ်ဆောင်ပိုး"ခေါင်းစဉ်ပါ စာစီစာကုံးကို အထက(တာချီလိတ်)မှ ကျောင်းသူ (၆)ဦး၊ အထက(ဆန်ဆိုင်း)မှ (၃)ဦး၊ အထက(ဟောင်လိတ်)မှ (၃)ဦး၊ အထက(ခွဲ)ပုန်းထွန်မှ (၄)ဦး နှင့် ပညာကမ္ဘာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၁)ဦး စုစုပေါင်း ကျောင်းသူ(၁၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အလယ်တန်းအဆင့် အနေဖြင့် "အမျိုးသမီးရေးရာအကြောင်း သိကောင်းစရာ"ခေါင်းစဉ်ပါ စာစီစာကုံးပြိုင်ပွဲတွင် အထက(တာချီလိတ်)မှ ကျောင်းသူ (၁၁)ဦး၊ အထက(ဆန်ဆိုင်း)မှ (၃)ဦး၊ မူလွန်(ရန်အောင်မြေ)မှ (၃)ဦး၊ မူလွန်(တာလော့) မှ (၂)ဦး၊ အထက(ခွဲ)ပုန်းထွန်မှ (၃)ဦး၊ အထက(ဟောင်လိတ်)မှ (၃)ဦးနှင့် ပညာကမ္ဘာကိုယ်ပိုင်အထက်တန်းကျောင်းမှ (၂)ဦး စုစုပေါင်း ကျောင်းသူ(၂၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် အထက်တန်း နှင့် အလယ်တန်းတို့၌ ဆုများရရှိမည့် ကျောင်းသူများကို ဇူလိုင်လ (၃)ရက်နေ့၌ ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~