ပညာဒီပ ထာဝရ ငွေပဒေသာပင် စိုက်ထူရေးအဖွဲ့မှ ချို့တဲ့ ကျောင်းသား၊ ကျောင်းသူလေးများအား စာရေးကိရိယာများ ထောက်ပံ့

ပညာဒီပ ထာဝရ ငွေပဒေသာပင် စိုက်ထူရေးအဖွဲ့မှ ချို့တဲ့ ကျောင်းသား၊ ကျောင်းသူလေးများအား စာရေးကိရိယာများ ထောက်ပံ့
ဇွန် 23, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် လွန်ခဲ့သည့် ၂၀၀၃ခုနှစ်ကတည်းက ဖွဲ့စည်းထားရှိသည့် "ပညာဒီပ ထာဝရ ငွေပဒေသာပင် စိုက်ထူရေးအဖွဲ့"မှ ယနေ့ ၂၀၁၅ခုနှစ် ဇွန်လ(၂၃)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(နောက်)ကျေးရွာအုပ်စုရှိ စာသင်ကျောင်း(၂)ကျောင်းသို့ သွားရောက်ကာ ကျပ် (၆)သိန်းခွဲကျော် တန်ဖိုးရှိသည့် ကျောင်းသုံး စာရေးကိရိယာများကို ချို့တဲ့ကျောင်းသား၊ ကျောင်းသူများအား လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

"ပညာဒီပ ထာဝရ ငွေပဒေသာပင် စိုက်ထူရေးအဖွဲ့"မှ အဖွဲ့ဝင်များသည် ပထမဦးစွာ မိုင်းလင်း(နောက်)၊ မအန်ခန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး စာရေးကိရိယာများကို ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီအလိုက် လက်ဝယ်အရောက်ပေးဝေ လှူဒါန်းခဲ့ကြသည်။

အဆိုပါ ကျောင်းတွင် သူငယ်တန်း (၁၆)ဦး၊ ပထမတန်း(၉)ဦး၊ ဒုတိယတန်း(၁၆)ဦး၊ တတိယတန်း (၁၅)ဦးနှင့် စတုတ္ထတန်း (၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၆၂)ဦး ပညာသင်ယူနေကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ အဖွဲ့သည် မိုင်းလင်းကျေးရွာအုပ်စုအတွင်း တော်ကော့ကျေးရွာရှိ အခြေခံမူလတန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများမှ ၀မ်းမြောက်စွာဖြင့် ရယူခဲ့ကြသည်။

အမက(တော်ကော့)တွင် သူငယ်တန်း (၁၃)ဦး၊ ပထမတန်း(၁၁)ဦး၊ ဒုတိယတန်း(၇)ဦး၊ တတိယတန်း (၁၁)ဦးနှင့် စတုတ္ထတန်း (၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၁)ဦးရှိကြောင်း သိရသည်။

"ပညာဒီပ ထာဝရ ငွေပဒေသာပင် စိုက်ထူရေးအဖွဲ့"သည် အဆိုပါ ကျောင်း(၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအတွက် လက်ရေးလှစာအုပ် နှင့် အချောရေး ဗလာစာအုပ် (၂၄၁)ဒါဇင်၊ ခဲဖျက်(၂၄၀)ခု၊ ခဲတံ (၂၂၈)ဒါဇင်၊ ပေတံ(၁၁၃)ချောင်း၊ နှင့် ချွန်စက်(၁၂၀)တို့က ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၆)သိန်းခွဲကျော် တန်ဖိုးရှိကြောင်း သိရသည်။

ယင်းအပြင် "ပညာဒီပ ထာဝရ ငွေပဒေသာပင် စိုက်ထူရေးအဖွဲ့"၏ စီစဉ်မှုဖြင့် ဦးတင်ဝင်း + ဒေါ်နန်းဖြူဝဏ်း ( အေးချမ်းပြည့် - သောက်ရေသန့် )မိသားစု တို့မှ ယနေ့ နေ့လည်ပိုင်းမှာပင် အခြေခံပညာ အထက်တန်းကျောင်း(မိုင်းကိုး)ရှိ ဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် လေ့လာမှတ်သား ဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရောင်းချပေးပြီး အင်တာနက်မလိုဘဲ Laptop ကွန်ပျူတာများ၊ i-Pad, Tablet , Android ဖုန်းများနှင့် Netbook များဖြင့် စက်တည်ရှိရာနေရာမှ အတားအဆီး မရှိလျှင် (၆၅၀) မီတာ ပတ်လည်အတွင်း WIFI စနစ်ဖြင့် အလွယ်တကူ ဖတ်ရှုနိုင်မည့် Public Digital Library Service  အား အကုန်အကျခံကာ တပ်ဆင်ပေးကာ လှူဒါန်းခဲ့ကြောင်း နှင့် ယခုလို တပ်ဆင်ထားမှုသည့် တာချီလိတ်ခရိုင် တစ်ခုလုံးရှိ ကျောင်းများအနက် အ.ထ.က(မိုင်းကိုး)သည် ပထမဆုံး တပ်ဆင်ထားသော ကျောင်းဖြစ်ကြောင်း သိရသည်။

"ပညာဒီပ ထာဝရ ငွေပဒေသာပင် စိုက်ထူရေးအဖွဲ့"အား ၂၀၀၃ခုနှစ်က စတင်ကာ တာချီလိတ်ဒေသခံများ၏ မတည်ငွေ စုစုပေါင်း ကျပ်(၂၄)သိန်းဖြင့် တည်ထောင်ခဲ့ပြီး ယခု ၂၀၁၅ခုနှစ်ဆိုလျှင် အဖွဲ့၏ ပညာရေးငွေပဒေသာပင်အဖြစ် စုစုပေါင်း ကျပ်သိန်း(၅၀)ကျော်ရှိနေပြီး အမှန်တကယ် လိုအပ်နေသည့် ချို့တဲ့ကျောင်းသား၊ ကျောင်းသူလေးများကိုသာ ထောက်ပံ့လှူဒါန်းသည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ။   ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~