မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆိုင်းဘုတ် စိုက်ထူရာသို့ အမျိုးသမီးများစွာ တက်ရောက်

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆိုင်းဘုတ် စိုက်ထူရာသို့ အမျိုးသမီးများစွာ တက်ရောက်
ဇွန် 24, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသည့် အနေဖြင့် မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ ၂၀၁၅ခုနှစ် ဇွန်လ(၂၄)ရက် နံနက်(၇)နာရီအချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် ဌာနဆိုင်ရာ အမျိုးသမီးဝန်ထမ်းများ၊ လူမှု့ရေးအသင်းအဖွဲ့များမှ အမျိုးသမီးများ၊ ပညာရေးဌာနမှ ဆရာမများ နှင့် ကျောင်းသူများ စသည်တို့မှ တက်ရောက်လာခဲ့ကြသည်။

ဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်းအဖြစ် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်က ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်။

လာမည့် ဇွန်လ(၃၀)ရက်နေ့ ည(၇)နာရီအချိန်၌ တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အောက် အမျိုးသမီးငယ် စုစုပေါင်း (၂၈)ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net