နယ်စပ်ဖြတ်ကျော် လုပ်ငန်းသုံးယာဉ်များကို ဘတ်ငွေမှ ကျပ်ငွေအဖြစ် ဇူလိုင်(၁)ရက်မှ စတင်ကာ ပြောင်းလဲ ကောက်ခံမည်

နယ်စပ်ဖြတ်ကျော် လုပ်ငန်းသုံးယာဉ်များကို ဘတ်ငွေမှ ကျပ်ငွေအဖြစ် ဇူလိုင်(၁)ရက်မှ စတင်ကာ ပြောင်းလဲ ကောက်ခံမည်
ဇွန် 30, 2015
By Tachileik News Agency

မြန်မာနိုင်ငံ နှင့် ဆက်စပ်နေသည့် နယ်စပ်မြို့များတွင် နယ်စပ်ဖြတ်ကျော် လုပ်ငန်းသုံးယာဉ်များအား နိုင်ငံခြားငွေနှင့်ညီမျှသည့်ငွေ ကောက်မည့်အစား သတ်မှတ် ငွေကြေးကျပ်ငွေဖြင့်သာ ဇူလိုင်လ (၁)ရက်နေ့တွင် စတင်၍ ကောက်ခံတော့မှာဖြစ်ကြောင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ နယ်စပ်မြို့များမှ တာချီလိတ်၊ ကျိုင်းလပ်၊ မြ၀တီ တို့တွင် သတ်မှတ်ထားရှိသည့် ပြည်တွင်းသုံး ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရာတွင် ပြည်ပသို့ ထွက်ခွာမည့် ပြည်တွင်း အငှားယာဉ်များကို (၂၀၀)ကျပ် နှင့် ပြည်တွင်းသို့ ၀င်ရောက်မည့် ပြည်ပယာဉ်များကို (၁၀၀၀)ကျပ် သတ်မှတ်ထားပြီး မြန်မာ - တရုတ် နယ်စပ်ဖြစ်သည့် မူဆယ်တွင် ပြည်ပသို့ထွက်ခွာမည့် ပြည်တွင်းအငှားယာဉ်အား (၂၀၀)ကျပ် နှင့် ပြည်တွင်းသို့ ၀င်ရောက်မည့် ပြည်ပယာဉ်များကို (၆၀၀၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ကညန အနေဖြင့် မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ်များကို ကျပ်(၁၀၀၀)အဖြစ် တပြေးညီ တိုးမြှင့်ကာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ကစ၍ ကောက်ခံခဲ့တာဖြစ်ပြီး ယခင်က နယ်စပ်ဖြတ်ကျော် အငှားယာဉ်များကို လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ ထိုင်းဘတ်ငွေနှင့်ညီမျှသည့် ငွေကြေးကို ကောက်ခံရာမှ ယခုအခါမှာ ကျပ်ငွေဖြင့် သတ်မှတ် ကောက်ခံရန် သတ်မှတ်လိုက်တာဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းညွန့်ကျော်က "အရင်ကတော့ ထိုင်းဘတ်ငွေနဲ့ ညီမျှတဲ့ ကျပ်ငွေကို ကောက်ပါတယ်၊ အခုကတော့ ပြည်ပကိုသွားမဲ့ မြန်မာယာဉ်များကို ကျပ်(၂၀၀) ကောက်မှာဖြစ်ပြီး၊ တစ်ဖက်ကနေ ပြည်တွင်းကို ၀င်လာတဲ့ ထိုင်းနံပါတ်ပါ ယာဉ်များကို (၁၀၀၀)ကျပ် ကောက်မှာဖြစ်ပါတယ်၊"ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ရှင်းပြသည်။

လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော်ကားများတွင် ကိုယ်ပိုင်ယာဉ်များကို ကောက်ခံခြင်းမဟုတ်ဘဲ၊ လုပ်ငန်း လုပ်ကိုင်သည့် အငှားယာဉ်များကိုသာ ကောက်ခံတာဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် ထိုင်းနံပါတ်များဖြင့် လုပ်ငန်းသုံးယာဉ်များကို အသုံးပြုပြီး ကူးသန်းသွားလာသူများတွင် ထိုင်းလူမျိုးများ အပါဝင် မြန်မာနိုင်ငံသားများလည်း အများအပြား ပါဝင်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၏ မူဆယ်၊ မြ၀တီ၊ တာချီလိတ် စသည့် ခရိုင်ရုံးများ အနေဖြင့် နယ်စပ်ဖြတ်ကျော် အခွန်ကောက်ခံမှုအား ဘတ်/ယွမ်များအစား ပြည်တွင်းသုံး ကျပ်ငွေနှင့်ညီမျှသည့် သတ်မှတ် ပမာဏကိုသာ ကောက်ခံရန်အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အမှုဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သတ်မှတ်လိုက်တာဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~