တာချီလိတ်၌ အခြေခံမဲဆန္ဒရှင် (၆၇၂၁၀)ဦး၏ အမည်စာရင်းများ ပွင့်လင်းမြင်သာစွာ ကြေညာထား

တာချီလိတ်၌ အခြေခံမဲဆန္ဒရှင် (၆၇၂၁၀)ဦး၏ အမည်စာရင်းများ ပွင့်လင်းမြင်သာစွာ ကြေညာထား
ဇွန် 23, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)အုပ်စု တို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် ရပ်ကွက် ၊ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခြေခံမဲဆန္ဒ ရှင် အမည်စာရင်းများကို ဇွန်လ (၂၂)ရက်၊ နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန် ကြေညာပေးထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်ပြည်သူများ အခြေခံမဲစာရင်း လာရောက် ကြည့်ရှုနေမှုများနှင့် အခြေခံ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားမှုများအား ယနေ့ ဇွန်လ(၂၃)ရက်နေ့တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းမောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထိန်မင်း ၊ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုစစ်ဆေးပြီး ၊ မဲဆန္ဒရှင် ပြည်သူများ လာရောက်ကြည့်ရှုပါက လွယ်ကူလျင်မြန်မှုရှိစေရေးအတွက် ဆွေးနွေးမှာကြားသည်။

တာချီလိတ်မြို့တွင် ရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း (က) ၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင် ၊ ရန်အောင်မြေ ၊ ဆေခမ်း ၊ ပါဆတ် ၊ ၀ိန်းကျောက် ရပ်ကွက်များ နှင့် ၀မ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေး ရွာအုပ်စုတို့တွင် မဲဆန္ဒရှင် ကျား(၃၂၀၆၁)ဦး နှင့် မ(၃၅၁၄၉)ဦး စုစုပေါင်း (၆၇၂၁၀)ဦး ရှိကြောင်း သိရသည်။

အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ဇွန်လ(၂၂)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့အထိ ကပ်ထားကြေညာထားရန် သတ်မှတ်ထားသည်နှင့်အညီ တာချီလိတ်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရုံးများတွင် သွားရောက် ကြည့်ရှုနိုင်မှာဖြစ်ပြီး အမှားအယွင်းများ တွေ့ရှိရပါက တာဝန်ရှိသူများထံသို့ အမြန်ဆုံးအသိပေးကာ ပြင်ဆင်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~