မြန်မာ - လာအို နယ်စပ်၌ ကျန်းမာရေး၊ ပညာရေး နှင့် ပတ်သက်၍ အမျိုးသမီးရေးရာနှင့် မိခင်ကလေးမှ ကျပ်(၁၀)သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများ ထောက်ပံ့

မြန်မာ - လာအို နယ်စပ်၌ ကျန်းမာရေး၊ ပညာရေး နှင့် ပတ်သက်၍ အမျိုးသမီးရေးရာနှင့် မိခင်ကလေးမှ ကျပ်(၁၀)သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများ ထောက်ပံ့
ဇွန် 19, 2015
By Tachileik News Agency

တာချီလိတ် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ မြန်မာ -  လာအို နှစ်နိုင်ငံ နယ်စပ်ရှိ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့သို့ သွားရောက်ကာ ကျန်းမာရေး အသိပညာပေးမှုများနှင့်အတူ ပညာရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုများကို ယနေ့ ဇွန်လ(၁၉)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာတွင် တာချီလိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် ခရိုင်အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် မြို့နယ်အဖွဲ့ဝင်များ အပြင် ကျန်းမာရေးဌာနမှ လိုက်ပါခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တို့သည် ကျိုင်းလပ်မြို့၊ နမ့်ငေါ့ရွာရှိ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ် စုစုပေါင်း (၁၆၀)ဦးအား ပညာရေးနှင့် ပတ်သက်၍ ကျောင်းသုံးပစ္စည်းများ နှင့် ကျောင်းစိမ်းဝတ်စုံများ အပြင် စားစရာမုန့်များအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ ကျောင်းကျန်းမာရေး အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် ကျန်းမာရေးနှင့် ပတ်သက်၍ သားပျက် သားလျှောအကြောင်း၊ ဆီးချိုရောဂါအကြောင်း နှင့် ဆေးစိမ်ခြင်ထောင် အသုံးပြုနည်းများကို အသိပညာပေးအဖြစ် ရှင်းလင်းဟောပြောခဲ့ရာ ဒေသခံ အာခါ၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားများမှ စိတ်ဝင်တစား လေ့လာမှတ်သားကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာအတွင်းရှိ ချို့တဲ့သက်ကြီးဘိုးဘွား (၂)ဦးအား ဆေးဝါး၊ အစားအစာ နှင့် စောင်အပြင် အလှူငွေများကိုလည်း နေအိမ်အရောက် သွားရောက်ကာ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ  မြန်မာ -  လာအို နယ်စပ်ရှိ ကျိုင်းလပ်သို့ သွားရောက်ကာ ပညာရေး နှင့် ကျန်းမာရေးအတွက် ကူညီထောက်ပံ့သည့် ငွေကြေးများ နှင့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၁၀)သိန်းကျော် တန်ဖိုးရှိပြီး လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~