ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ၊ မြို့မဈေးအား အဆင့်မြှင့်တင် ဆောက်လုပ်ပြီးစီးသွားသည့် အနေဖြင့် ယနေ့ ၂၀၁၅ခုနှစ် မေလ(၁၀)ရက် နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးအား ပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် ဈေးအားဆောက်လုပ်ခွင့်ရရှိခဲ့သော မင်းခေတ်သစ် ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုင်းဝန်းပန် (ခ) ဦးမောင်မောင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက မြို့မဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့မှ ဈေးအတွင်း ဖွင့်လှစ်ရောင်းချနေလျက်ရှိသည့် ဈေးဆိုင်ခန်းများ နှင့် သားငါးတန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ သားငါးတန်းတွင် အနံ့အသက်များနှင့် ပတ်သက်၍ အများအတွက် အခြားသော ဈေးဝယ် ဈေးသည်များအတွက် အဆင်မပြေဖြစ်နေကြောင်း နှင့် သတ်မှတ်ထားသော သားငါးတန်းနေရာအား ပြင်ဆင်သတ်မှတ်ရေး စသည့် အခက်အခဲများကို လှည့်လည်နေစဉ်အတွင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ဈေးအတွင်း၌ ဖွင့်လှစ်ထားရှိသော KBZ BANK MINI အား သွားရောက်ကြည့်ရှုပြီး ဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် ထားရှိသည့် မီးသတ်ဆေးဗူးများ CCTV တပ်ထားမှုများ စသည့် ဈေးအဆောက်အဦနှင့် ပတ်သက်၍ ကြည့်ရှုခဲ့ကြသည်။
သားငါးတန်း နေရာသစ်ပြန်လည် သတ်မှတ်မည့် ကိစ္စနှင့် ပတ်သက်၍ "ယခင်က သားငါးတန်းရဲ့ နေရာဖြစ်တဲ့ မူလနေရာကို သားငါးတန်းအဖြစ် သတ်မှတ်ဖို့ တောင်းဆိုခဲ့ပေမဲ့လည်း ခွင့်ပြုချက်မရဘူး၊ အခုတော့ ကျွန်တော်တို့ လက်ရှိ ဒီအပေါ်ထပ်က သားငါးတန်းနေရာကို အခြားနေရာသစ်မှာ သတ်မှတ်ပေးဖို့ အစီအစဉ်ရှိပါတယ်၊ နေရာလည်း ငှားပြီးပါပြီ၊ မကြာခင် နေရာသစ်ကို အကောင်အထည်ဖော်ပြီး သတ်မှတ်ပေးတော့မှာပါ၊ အဲ့ဒီနေရာမှာ သားငါးနေရာ စုစုပေါင်း နေရာ (၇၀)စာလောက် ရရှိနိုင်မှာပါ.."ဟု ဈေးဆောက်လုပ်ခွင့်ရရှိခဲ့သော မင်းခေတ်သစ် ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုင်းဝန်းပန် (ခ) ဦးမောင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
မြို့မဈေးကြီးအား ပြင်ဆင်ဆောက်လုပ်ရန်အတွက် မင်းခေတ်သစ်ကုမ္ပဏီနှင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီတို့မှ ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဇူလိုင်လ(၄)ရက်နေ့က တောင်ကြီးမြို့၌ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ကာ ၂၀၁၅ခုနှစ် ဧပြီလ(၂၇)ရက်နေ့က ပြီးစီးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယနေ့ ဖွင့်လှစ်သည့် မြို့မဈေးဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဒေါ်တင်မေထွန်း၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထိုက် နှင့် အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ ကျိုင်းတုံရုံးခွဲ မှ တွဲဖက်အတွင်းရေးမှူး ဦးလုကာ ၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းဝင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်တွင် ယခုဖွင့်လှစ်လိုက်သော အဆင့်မြှင့် မြို့မဈေး အပါအ၀င် ဘုရင့်နောင်ဈေး၊ပုန်းထွန်ဈေး၊ ပြည်တော်သာဈေး၊ ဆန်ဆိုင်းဈေး၊ အာခါဈေး၊ ရွှေမြေသာယာဈေး၊ တာလော့ဈေး၊ ပါလျှံ (၃) ဈေး၊ ပါလျှံ(၂)ဈေး၊ ဇမ္ဗူကျော်ဈေး နှင့် ဒီပါကျော် စသည်ဖြင့် ဈေးပေါင်း (၁၀)ဈေးကျော်ရှိကြောင်း သိရှိရသည်။
သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်