နွေရာသီ နေ့တစ်နေ့ရဲ့ အပူပြင်းဆုံး အချိန်လို့ခေါ်လို့ရတဲ့ အချိန်မှာ လေအေးနုလေး တစ်ချက်ဝှေ့ တိုက်သွားခဲ့တယ်၊
♩ ♪... ရောက်လာချိန်မှာတော့ အဆင့်သင့်ဖြစ်အောင် အမြဲတမ်းပဲ ခင်းကျင်းထားပါတယ်..♫ ♬ သီချင်းသံလေးနဲ့ အတူ အပြင်ပန်း ခန္ဓာကိုယ် တစ်ချက်လေး အေးသွားပေမယ့် ရင်ထဲက အတွေးတွေကြောင့် မအေးမိပြန်ဘူး။
သစ်ရွက်ခြောက်တွေနဲ့ ကြွတ်ဆတ်နေတဲ့ တောတွေတောင်တွေကို လှမ်းကြည့်လိုက်တယ်..
“အင်... နွေပြီးရင်.. မိုး၊ အချိန်သိပ် မကျန်တော့ဘူး သူလာတော့မယ်...”
ကျွန်တော် သီချင်းနဲ့အတူ တွေးမိတဲ့ အတွေးတစ်စက ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ တာချီလိတ်မြို့ရဲ့ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရေကြီး ရေလျှံခြင်း၊ တောင်ပြိုခြင်းနှင့် မြို့သူမြို့သားရဲ့ ရေဘေး ဒုက္ခတွေကို စဉ်းစားမိတာပါ..။
တာချီလိတ်မြို့ဟာ ရွှေတြိဂံဒေသလို့ ခေါ်တဲ့ ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံ ထိစပ်မှုရှိတဲ့ အပြင် တရုတ်နိုင်ငံနဲ့လည်း ထိစပ်နေတယ်လို့ ပြောလို့ရတဲ့ ဒေသဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နဲ့ နယ်မြေခြင်း ထိစပ်ပြီး အများသိရှိထားပြီးဖြစ်တဲ့ မယ်ဆိုင်ချောင်းဟာ ကြားခံစည်းမျဉ်းအဖြစ် ပိုင်းခြားထားပါတယ်။
“မယ်ဆိုင်နွဲ့”ချောင်းဟာ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ဖလဲတောင်အနီးမှာ အခြေပြုမြစ်ဖျားခံပြီး မဲခေါင်မြစ်အတွင်းကို စီးဝင်တာပါ။ ရေချောင်းဟာ နွေရာသီမှာ အချို့နေရာမှ ရေရဲ့ အမြင့်ဟာ (၁)ပေခွဲ(၂)ပေခန့်သာ ရှိပေမယ့် မိုးရာသီမှာ မိသားစုအများအပြားကို ရေဘေးဒုက္ခတွေပေးနေကြဟာ သူ့အတွက် အလုပ်တစ်ခုလို ဖြစ်နေပါပြီ။
တာချီလိတ်မြို့ရဲ့ ရေကြီးမှု ဖြစ်စဉ်တွေကို ကြည့်ရင် (၁၀)စုနှစ်တစ်ခု မကတော့ဘူး နှစ်စဉ် ရေကြီးနေကြလို့ ပြောလို့ရပါတယ်၊ ဒါကိုလည်း ဒေသခံတွေက သမရိုးကျလို့ ပြောမလား၊ ဂရုမစိုက်တာလို့ ပြောမလား၊ စိုးရိမ်စိတ်မရှိသလို ဖြစ်နေကြပေမဲ့ တကယ်တမ်း ဖြစ်လာတဲ့အခါမှာတော့ ချောင်းနဲ့နီးတဲ့ မိသားစုဝင်တွေ အားလုံးဟာ ဒုက္ခအတိနဲ့ပြည့်နေခဲ့ကြပါတယ်။
တောင်ပေါ်မှာ မိုးကြီးလို့ ရေတွေဆင်းလာရင် ရေဘေးဒုက္ခ မခံရသူတွေက ထမင်းထုတ်ဝေဖို့ အသင့်စောင့်နေတယ်၊ ရေဘေးဒုက္ခခံရမယ်လို့ သိတဲ့သူတွေကလဲ နီးမှ သဲအိတ်တွေနဲ့ ကိုယ့်အိမ်ကိုယ် လုံအောင် တားနေတယ်၊ မဖြစ်နိုင်မှန်း သိရက်နဲ့ မိုးကို ခြေနဲ့ကန်နေကြသလိုဘဲ...။
လူကြီးတွေရဲ့ ပြောစကားနားထဲကြား မိပါတယ်။ မဖြစ်ခင် ကာကွယ်တဲ့။ ကျွန်တော်တို့ မြို့သူ မြို့သားတွေ မေ့နေတာလား မေ့ချင်ယောင်ဆောင်နေတာလား မသိဘူး၊ မြို့လေးကို ကာကွယ်ဖို့ မေ့နေကြတယ်၊ သင်္ကြန်နီးလို့ မိုးလေး စိုစိုဖြစ်လာတော့ စဉ်းစားမိတယ်၊ ဒီ“မိုး”ဘယ်လိုဖြစ်ဦးမလဲပေါ့...။
ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများက ရပ်ကွက်တိုင်းမှာ ရေဘေးဒုက္ခကယ်ဖို့ လှေတွေ အဆင့်သင့် လုပ်ထားတယ်တဲ့..၊ အဲ့လို လှေတွေ အဆင်သင့်အနေနဲ့ ၀ယ်ထားကြဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ချို့က လှေအစီးရေများတယ်၊ သက်ကယ်အင်္ကျီအရေအတွက်များတယ်ဆိုပြီး ကပ်တွက်နေကြတဲ့ အသံလေးတွေကိုလည်း အခုထိ ကြားယောင်မိနေပြန်ပါတယ်။
တာချီလိတ်ရဲ့ မြေမျက်နှာသွင်ပြင်အရ တောင်တန်းတွေကြားက မြေနိမ့်လွင်ပြင် ဖြစ်နေတာကြောင့် တောင်ပေါ်မှာ ရွာတဲ့မိုးတွေဟာ မြို့လေးအတွင်းကို တစ်ရှိန်ထိုး စီးဆင်းလာပါတော့တယ်၊
ဆယ်စုနှစ် တစ်ခုအတွင်း ရေဘေးဒုက္ခဟာ ဘာကြောင့် ပိုပြီးခံစားလာရတာလဲ..?
ကျွန်တော်စဉ်းစားမိတဲ့ အချက်လေးတစ်ချက်ပါ၊ ဟုတ်ပါတယ် တကယ်တော့ ရေဘေးဒုက္ခတွေက တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ကြီးလာတယ်၊
အဓိက အကြောင်း အရင်း ကတော့ “ရေဝေရေလဲဧရိယာတွေ ပျက်စီးလာမှုနဲ့ ရေစီးကြောင်း ပြောင်းလဲလာမှုပါ” သဘာဝပတ်ဝန်းကျင်ရဲ့ လူတွေနေထိုင်ရှင်သန်မှု သဟဇာတ မဖြစ်မှုတွေ ရှိလာမယ်ဆိုရင် ဘေးဒုက္ခဆိုတဲ့ အန္တရာယ်ဟာ သူ့အတွက် နေရာထိုင်ခင်း အဆင့်သင်ဖြစ်ပြီမို့ ရောက်လာစမြဲပါ။
ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် မိုးရာသီကာလများမှာ တာချီလိတ်မြို့ပေါ် ရပ်ကွက်များ ဖြစ်ကြတဲ့ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေ ရပ်ကွက်နဲ့ ၀ိန်းကျောက်ရပ်ကွက် စုစုပေါင်း (၉)ရပ်ကွက်တို့မှာ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် အဆိုးရွားဆုံး အနေနဲ့ ပုန်းထွန်ရပ်ကွက် နဲ့ ၀မ်ကောင်းရပ်ကွက်၊ နမ့်ယွန်းချောင်း စတဲ့ နေရာများမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် (၉)ရပ်ကွက်ပေါင်း နစ်မြှုပ်ခဲ့တဲ့ အိမ်ခြေပေါင်းဟာ (၈၀၀)ကျော်ရှိပြီး အိမ်ထောင်စု (၁၀၇၉)စု ရေဘေးဒဏ်ခံခဲ့ကြရပါတယ်။
၂၀၁၄ခုနှစ်က ရေကြီးရေလျှံဖြစ်မှုရဲ့ ထိတ်လန့်ဖွယ်ရာ တစ်ခုကတော့ ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတား အလယ်ဆက်ကြောင်းဟာ (၅)လက်မခန့် ရွေ့သွားခဲ့သလို ရေကြီးရေလျှံမှုရဲ့ ဖြစ်စဉ်ကြောင့် အနိမ့်ပိုင်းရပ်ကွက်များမှာ ရွှံ့နွံတွေ၊ နုန်းတွေ တော်တော်များများ တင်ကျန်နေခဲ့တဲ့ အတွက် တော်တော်နဲ့ကို ရှင်းလင်းခဲ့ရတဲ့ ကာလတစ်ခု ဖြစ်စေခဲ့ပါတယ်။
တာချီလိတ်မှာ မိုးရာသီရောက်တိုင်း မိုးရွာသွန်းမှုနဲ့ အတူ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လေ့ရှိတဲ့ အခါတိုင်းမှာ ဦးစွာပထမ ရေများဝင်ရောက်မှုကို ခံရတာကတော့ ပုန်းထွန်ရပ်ကွက် ၀ါးဆိပ်နေရာကဖြစ်ပြီး ဒုတိယအနေဖြင့် ရွှေနန်းတော်ကုန်တိုက်မှလည်း လွယ်ကူစွာ ၀င်ရောက်ခဲ့တဲ့အပြင် တာလော့ရပ်ကွက်ဘက်ကိုလည်း စီးဝင်သွားစေခဲ့ပါတယ်။
အဲ့ဒီလို ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၀)ရက် ညနေ(၅)နာရီအချိန်က ပြည်နယ်အစိုးရ အဖွဲ့ဝင်ဖြစ်တဲ့ စည်ပင်သာယာရေးဝန်ကြီးနဲ့ အဖွဲ့လာတော့ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဝင်များက ပုန်းထွန်ရပ်ကွက် ၀ါးဆိပ်နေရာက ခပ်နိပ်နိပ်အုတ်တံတိုင်းကို ခိုင်မာစွာနဲ့ ခပ်မြင့်မြင့် ဆောက်လုပ်နိုင်ရင် ရေကြီးရေလျှံ ၀င်ရောက်မှုကို ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ရွှေနန်းတော်ကုန်တိုက် မှာလည်း ကာရံမည်ဆိုပါက သင့်တော်ပါကြောင်း စသည်ဖြင့် တင်ပြခဲ့တာကို ကြားသိလိုက်ကြတဲ့ ဒေသခံပြည်သူများအနေနဲ့ သိန်းထီကြီး ပေါက်တဲ့ ပမာ ပျော်ရွှင်ခဲ့ကြပေမဲ့လည်း တကယ်တမ်းမှာတော့ တာချီလိတ်မြို့မှာ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံတဲ့ကိစ္စကို အကောင်အထည် မဖော်နိုင်သေးတာဟာ အခုဆိုရင် နောက်တစ်မိုးကိုတောင် ရေဘေးဒုက္ခသည်များအဖြစ် ပြန်လည်ကျရောက်ရမဲ့ တာချီလိတ်ဒေသခံ တိုင်းရင်းသားပြည်သူများ၊သက်ကြီးရွယ်အို၊ ကလေးသူငယ်များအနေနဲ့ စောင့်မျှော်နေကြရပြန်ပါပြီ...။
တာချီလိတ်မြို့မှာ နှစ်စဉ်နှစ်တိုင်း ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်တိုင်း ရေဘေးသင့်ပြည်သူများကို ထောက်ပံ့မှုတွေ ပြုလုပ်ကြတာဟာ အထူးကိုပဲ ၀မ်းသာပီတိဖြစ်စရာ ဖြစ်စေပေမဲ့လည်း ကြားဖူးနားဝတွေထဲက "နေ့စံ ညခံ"ဆိုတဲ့ ဇာတ်လမ်းတွေထဲကလို ကျန်တဲ့ ရာသီနှစ်ခုမှာတော့ ဒေသခံများဟာ အေးအေးဆေးဆေး စံစားနေကြရပေမဲ့လည်း မိုးရာသီကို ရောက်ပြီဆိုတာနဲ့ ကျန်ရာသီနှစ်ခုမှာ ရှာဖွေထားရတဲ့ ဥစ္စာဓနတွေဟာ ရေကြီးရေလျှံမှုရဲ့ ၀ါးမျိုမှုကြောင့် ဒုက္ခအတိ ရောက်ရပြန်တဲ့ အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ အနေနဲ့ တာချီလိတ်မြို့ရဲ့ နှစ်စဉ် ရေကြီးရေလျှံမှုကို ကြိုတင် ကာကွယ်မှုအဖြစ် လျစ်လျူရှုမထားဘဲ မိသားစု စိတ်ဓါတ်နဲ့ စောင့်မကြည့်ရှုမယ် ဆိုရင်တော့ တာချီလိတ်ဒေသခံများရဲ့ ယုံကြည်ကိုးစားမှု နဲ့ ပူးပေါင်းပါဝင်လာနိုင်မှုဟာ ရွှေလမ်းခင်းသည့်ပမာ ဖြစ်နေမည်မှာ မလွှဲပါ....။