တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ မှုခင်းများ မဖြစ်ပေါ်စေရန်နှင့် ဆေးဆိုင်များနှင့် လမ်းဘေး ဆေးဆိုင်များတွင် တားမြစ်ဆေးဝါးများ ရောင်းချခြင်း မဖြစ်ပေါ်စေရန် အသိပညာပေး ဟောပြောမှုနှင့် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“သင်္ကြန်ကာလနဲ့ နောက်ပိုင်းတွေမှာလဲ ကျန်းမာရေး ဦးစီးဌာနက အစားအသောက် ဆေးဝါး ကြီးကြပ်ရေးကော်မတီနဲ့ ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပညာပေးဟောပြောမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် အောင်ကျော်စိုးက ပြောသည်။
သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၍ ယာဉ်မဆင်မခြင် မောင်းနှင်မှုများကြောင့် မှုခင်းများ မဖြစ်ပေါ်စေရန်နှင့် ဆေးဆိုင်များတွင် တားမြစ်ဆေး လိင်ကာမစိတ်ကြွဆေးများ ရောင်းချခြင်းမပြုရန် ပညာပေးဟောပြောခြင်းအား တာချီလိတ်မြို့နယ် အတွင်း (၄)ကြိမ်ခန့် လုပ်ဆောင်ပြီးကြောင်း သိရသည်။
ဖြစ်ပေါ်လာသည့် မှုခင်းများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ၊ ရောင်းချသုံးစွဲခြင်းအား လက်ဝယ်တွေ့ရှိပါက ပြစ်မှုပြစ်ဒဏ်များအား ဒေသခံများ သိရှိစေရန် ဟောပြောခြင်းဖြစ်ကြောင်း သိရပြီး နယ်မြေခံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
အသိပညာပေးမှုများနှင့် ပတ်သက်၍ ရေကြောင်းရဲတပ်ဖွဲ့စု(၀မ်ပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကြီး အောင်ဇော်မြင့်၊ ၀မ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မောင်မောင်စိုး နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ ရဲအုပ်ဝင်းကျော်ကျော် တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မိုင်းဖုန်း (က)ကျေးရွာအုပ်စု၊ ၀မ်ပုံကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဟောပြောခဲ့ပြီး ကျေးရွာရှိ ရွာသူ ရွာသားပေါင်း (၅၀)ခန့်တက်ရောက်ခဲ့ကြောင်း နှင့် ၀မ်ပုံကျေးရွာရှိ ဆေးဆိုင်(၂)ဆိုင်အား ၀င်ရောက် စစ်ဆေးခြင်းကို ယနေ့ ဧပြီလ(၃)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။