ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများ သင်္ကြန်အတွင်း လည်ပတ်မည်ဆိုပါက သတိရှိရန်လိုကြောင်း CNCMC မှ အသိပေးထား

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများ သင်္ကြန်အတွင်း လည်ပတ်မည်ဆိုပါက သတိရှိရန်လိုကြောင်း CNCMC မှ အသိပေးထား
ဧပြီ 9, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ၌ မယ်ဆိုင်မြို့ အပါအ၀င် သင်္ကြန်ကာလအတွင်း ဧပြီလ(၁၁)ရက်မှ (၁၇)ရက်နေ့အထိ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေ ပုဒ်မ ၁(လ)၂(ခ) ၃(မ) အရ ချိုးဖောက်ကျူးလွန်သူများကို သတ်မှတ် ဒဏ်ကြေးများအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အသိပေး ထုတ်ပြန်ထားကြောင်း CNCMC ကော်မတီဝင် ဦးစည်သူမောင်၏ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သင်္ကြန်ကာလအတွင်း သွားရောက် လည်ပတ်မည့် တာချီလိတ်မြို့မှ မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံဥပဒေအား လိုက်နာရန် လိုအပ်ပြီး မိမိတို့က အမှန်တကယ် အမှားကျူးလွန်ပါက CNCMC ကော်မတီအနေဖြင့် ကူညီဆောင်ရွက်ပေးရန် အခက်အခဲရှိနိုင်ကြောင်း နှင့် အရက်သေစာ သောက်စားပြီး သွားရောက်ရန် မသင့်ကြောင့် CNCMC မှ အသိပေးထားသည်။

ထိုင်းရဲတပ်ဖွဲ့၏ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကြေညာထုတ်ပြန်ထားသည်မှာ...

  • (၁) ဆိုင်ကယ်မောင်းသူမှ ဆိုင်ကယ်ဦးထုပ် မဆောင်းပါက (၅၀၀)ဘတ်
  • (၂) နောက်မှထိုင်စီးသူ ဆိုင်ကယ်ဦးထုပ် မဆောင်းပါက (၁၀၀၀)ဘတ်
  • (၃) ကားမောင်းစဉ် ခါးပတ် မပတ်ပါက (၅၀၀)ဘတ်
  • (၄) ကားမောင်းသူ ဘေးတွင် ခါးပတ်မပတ်ဘဲ ထိုင်လိုက်သူ (၅၀၀)ဘတ်
  • (၅) ဆိုင်ကယ်လုံခြုံမှု မရှိပါက (၅၀၀)ဘတ်
  • (၆) ယာဉ်မောင်းလိုင်စင် မရှိပါက (၁၀၀၀)ဘတ်
  • (၇) ယာဉ်ကြောပြောင်းပြန် မောင်းနှင်ပါက (၁၀၀၀)ဘတ်
  • (၈) ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်း အသုံးပြုပါက (၁၀၀၀)ဘတ်
  • (၉) တစ်စီးနှင့်တစ်စီး အပြိုင်မောင်းပါက (၁၀၀၀)ဘတ်
  • (၁၀) သတ်မှတ် ကီလိုထက် ပိုမောင်းနှင်ပါက (၁၀၀၀)ဘတ်

ဖြစ်ကြောင်း သိရသည်။

ထို့နည်းတူ မဟာသင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလ (၉)ရက်နေ့မှ ဧပြီလ(၁၅) ရက်နေ့ အတွင်း မယ်ဆိုင်မြို့တွင် ထိုင်းရဲတပ်ဖွဲ့များမှ ကား၊ ဆိုင်ကယ်၊ သုံးဘီး(ဆမ်လော့)အပါအ၀င် မော်တော်ယာဉ် မောင်းနှင်သူများအား အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ နှင့် ပတ်သက်၍ အယ်ကိုဟော တိုင်းတာ စစ်ဆေးသည့် ကိရိယာများဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~