ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၂)ရက်နေ့ နံနက်(၁၀)နာရီ အချိန်ထိ တာချီလိတ်မြို့ပေါ်တွင် မီးခိုးများ ဖုံးလွှမ်းနေမှုသည် ဧပြီလ(၁)ရက်နေ့ ညနေပိုင်းမှစ၍ ဧပြီလ(၂)ရက်နေ့သို့ အကူးအချိန်ထိ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်၊ ငွေစေတီကုန်း အနီးတစ်ဝိုက် နှင့် ပုန်းထွန်ရပ်ကွက် နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုအစပ်ရှိ တောင်ယာများတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်နေတာဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ယာမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သန္ဓေ/အရန် တပ်ဖွဲ့ဝင်များ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ အလင်းရောင်ပရဟိတအသင်း အပါအ၀င် လူမှုရေးအသင်းအဖွဲ့များ၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ အကျိုးဆောင်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ ၀ိုင်းဝန်း၍ ခက်ခက်ခဲခဲ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
"တောင်ပေါ်မှာ မီးလောင်တာက မီးသတ်ကား တက်လို့မရဘူး၊ လူချည်းပဲ သွားပြီး ခက်ခက်ခဲခဲ ငြိမ်းနေရတယ်၊ တစ်ချို့နေရာတွေမှာ မီးလောင်တဲ့နား ရောက်နေတာတောင်မှ မီးကိုငြိမ်းလို့မရတဲ့ အခက်အခဲတွေဖြစ်တယ်၊ အချိန်တော်တော်ကြာမှ မီးက ငြိမ်းသွားခဲ့တယ်"ဟု ပူးပေါင်းပါဝင်ငြိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
နွေရာသီကာလ ရောက်ပြီဖြစ်သည့်အတွက် တောင်ယာတောမီးရှို့မှုကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက တာချီလိတ်တွင် မီးခိုးများ အဆမတန်ဖုံးလွှမ်းခဲ့ပြီး ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။