တာချီလိတ်၌ မော်တော်ဆိုင်ကယ် အချင်းချင်း တိုက်မိရာမှ အမျိုးသား တစ်ဦး သေဆုံး

တာချီလိတ်၌ မော်တော်ဆိုင်ကယ် အချင်းချင်း တိုက်မိရာမှ အမျိုးသား တစ်ဦး သေဆုံး
မတ် 2, 2015
By Tachileik News Agency

ဖေဖော်ဝါရီလ၏ နောက်ဆုံးရက်ဖြစ်သည့် (၂၈)ရက် ည(၁၀း၁၅)နာရီ အချိန်ခန့်က တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် တစ်ဖက်ယာဉ်အား ကျော်တက်ရာမှ မော်တော်ဆိုင်ကယ် အချင်းချင်း မျက်နှာချင်းဆိုင်တိုက်မိပြီး အမျိုးသားတစ်ဦးသည် ဒဏ်ရာပြင်းထန်စွာဖြင့် သတိလစ်ကာ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အသက်(၂၇)နှစ်အရွယ်ရှိ မောင်ထန်လမ်းမန်သည် မော်တော်ဆိုင်ကယ်ဖြင့် အားကစားရုံလမ်း မီးပွိုင့်ဖက်မှ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှေ့ ဗိုလ်ချုပ်လမ်းမပေါ် အရောက်၌ ၎င်း၏ ရှေ့တွင် မောင်းနှင်နေသော မော်တော်ယာဉ်အား အရှိန်ဖြင့် ကျော်တက်စဉ် လမ်း၏ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ အမှတ်(၁)ချစ်ကြည်ရေးတံတားဘက်မှ အသက်(၃၄)နှစ်ရှိ အိုက်ကျိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်တော့ဘဲ မျက်နှာချင်းဆိုင် တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထိုသို့ ဖြစ်ပွားရာတွင် အားကစားရုံလမ်း မီးပွိုင့်ဘက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသူ မောင်ထန်လမ်းမန်မှာ ဦးခေါင်းဝဲဖက် ဂျိုဇောင်းပေါက်ပြဲကာ ယာဖက်နားထင်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး အသက်(၃၄)နှစ်ရှိ အိုက်ကျိုင်းမှာ ဦးခေါင်းနောက်စေ့ဖူးယောင်ကာ ၀ဲ/ယာခြေကျင်းဝတ်ပွန်းပဲပြီး ဒဏ်ရာဖြင့် သတိလစ်ကာ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူထားစဉ် နံနက်(၃)နာရီခန့်မှာ ကွယ်လွန်သွားတာဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မိမိလမ်းယာဖက်မှ ကပ်၍ မောင်းနှင်ခြင်းမရှိဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ အရှိန်ပြင်းစွာ မဆင်မခြင် မောင်းနှင်ပြီး တိုက်မိမှုကြောင့် မောင်ထန်လမ်းမန်အား ဥပဒေအရ တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈အရ ကနဦး အမှုဖွင့်လှစ်ထားရှိသော်လည်း တိုက်ခံရသူ အသက်(၃၄)နှစ်ရှိ အိုက်ကျိုင်းသည် နံနက်ပိုင်းတွင် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ ၃၀၄(က)သို့ပြောင်းလဲ အမှုဖွင့်ထားရှိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရှိရသည်။

ဆိုင်ကယ်မောင်းနှင်လျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းရန် နှင့် ပတ်သက်၍"အခုတလော ယာဉ်မတော်တဆမှုတွေ ခဏခဏ ဖြစ်နေတယ်၊ ဖြစ်လိုက်ရင်လည်း သေတာကြားနေရလို့ စိတ်မကောင်းဖြစ်မိပါတယ်၊ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းကြရင် ကောင်းမယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုတာက အဓိက ကိုယ့်အတွက်ပဲ၊ ကျွန်မတောင် ဆိုင်ကယ်နဲ့ နီးနီးဝေးဝေး ဘယ်ကို သွားသွား ဦးထုပ်ဆောင်းဖြစ်တယ်၊"ဟု ဒေသခံ ဒေါ်ချိုထွေးကလည်း ပြောလာသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~