ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်း ကျောင်းတိုက်သို့ ယောဆရာတော်ဘုရားကြီးမှ ကြွရောက်၍ တရားတော်ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော်ဘုရား ဘဒ္ဒန္တသီရိန္ဒာဘိဝံသသည် တာချီလိတ်မြို့ ငွေတောင်ဦးကျောင်းတိုက်တွင် မတ်လ(၁၄)ရက်မှ (၁၅)ရက်နေ့အထိ (၂)ညတိုင်တိုင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူမှာဖြစ်ရာ တရားပွဲအား ညစဉ်(၇းဝ)နာရီအချိန်တွင် စတင်ကျင်းပမှာဖြစ်ကြောင်း သိရသည်။
ယောဆရာတော် ဘုရားကြီး၏ ထေရုပတ္တိအကျဉ်း
၁။ အမည်ရင်း – မောင်သာမောင်
၂။ မိဘအမည် – ဦးရဲနိုင် + ဒေါ်တုတ်ခိုင်
၃။ မွေးသက္ကရာဇ် – ၁၃၀၄ ခုနှစ် ၊ သောကြာနေ့
၎။ မွေးဖွားရာဒေသ – မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ် (ယောနယ်)၊ လက်ပံရွာ
အရှင် သီရိန္ဒာဘိဝံသည် အဖ ဦးရဲနိုင်၊ အမိ ဒေါ်တုတ်ခိုင် တို့မှ ၁၃၀၄ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၆ ရက် သောကြာနေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် (ယောနယ်)၊ လက်ပံရွာ၌ ဖွားမြင်ခဲ့သော သားဦး ရတနာ ဖြစ်ပါသည်။ ၁၃၂၄ ခုနှစ်၊ ကဆုန် လပြည့်ကျော် ၂ ရက် စနေနေ့တွင် ဂန့်ဂေါ်မြို့နယ် ကန်တောရ ကျောင်းတိုက်တွင် ရဟန်း အဖြစ်သို့ ရောက်ရှိခဲ့သည်။
ပါဠိ ပထမပြန် စာမေးပွဲ ငယ်၊ လတ်၊ ကြီးနှင့် ဓမ္မာ စရိယ စာမေးပွဲတွင် သာသန ဓဇသီရိပဝရ ဓမ္မာစရိယ ဘွဲ့ကို လည်းကောင်း၊ အဂ္ဂမဟာ အကျော်ဘွဲ့ကို လည်းကောင်း၊ ဝိနယ ပါဠိ ပါရဂူ ဘွဲ့နှင့် ပဋိသမႝိဒါမဂ္ဂ ပါဠိ ပါရဂူဘွဲ့ကို လည်းကောင်း၊ နိကာယ် စာမေးပွဲတွင် နိကာယုဇ္ဇောတက အတ္တဝိသာရဒ မူလအာဘိ ဓမ္မိကဘွဲ့၊ ဓမ္မဝိသာရဒ မဇ္ဈိမ အာဘိဓမ္မကဘွဲ့ အတ္တဝိသာရဒဒီဃဘာဏက ဘွဲ့ကို လည်းကောင်း၊ မန္တလေး သကျသီဟ ဓမ္မာ စရိယ ဘွဲ့ကို လည်းကောင်း၊ ရန်ကုန် စေတီယင်္ဂဏ ဓမ္မာစရိယဘွဲ့ကို လည်းကောင်း၊ တိပိဋက ရွေးချယ်ပွဲတွင် (၂၃) ကြိမ်မြောက်၌ ဝိနယဓရဝိနယ ကောဝိဒ ဘွဲ့ကို လည်းကောင်း၊ (၂၄) ကြိမ်မြောက်၌ အဘိဓမ္မာ၊ ပထမပိုင်း ငါးကျမ်း အာဂုံကို လည်းကောင်း၊ (၂၇) ကြိမ်မြောက်၌ အဘိဓမ္မာ ပထမပိုင်း ငါးကျမ်း သဘော ရေးဖြေကို လည်းကောင်း၊ (၂၉) ကြိမ်မြောက် အာဘိဓမ္မိက အဘိဓမ္မကောဝိဒ ဘွဲ့ကို လည်းကောင်း၊ (၃၁) ကြိမ်မြောက်၌ ဒီဃဘာဏက ဘွဲ့နှင့် တိပိဋကဓရ ဘွဲ့ကို လည်းကောင်း ရရှိ အောင်မြင်ခဲ့သည်။
၁၃၄၆ ခုနှစ်၊ (၄၇) ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ပွဲတွင် သုတ္တန္တဋကဒီဃနိကာယ သုံးကျမ်း (သဘော ရေးဖြေပွဲ)ကို အောင်မြင်တော်မူသောကြောင့် ဒီဃနိကာယ ကောဝိဒ ဘွဲ့တံဆိပ်တော်နှင့်၎င်း အောင်လက်မှတ်တို့ကို ရရှိခဲ့သည်။
အရှင်သီရိန္ဒာဘိဝံသသည် သင်ရိုး ပိဋကတ် သုံးပုံကို ပြီးဆုံး အောင်မြင်ပြီး ဖြစ်သဖြင့် တိပိဋကဓရ တိပိဋက ကောဝိဒ ဘွဲ့တံဆိပ်တော်၊ ၎င်းအောင်လက်မှတ်နှင့် အရိုးဝါကနက္ကဒဏ် ထီးဖြူတော် သုံးလက် တံဆိပ် ပါရှိသော သာသနာ့ အောင်လံတော်ကို ခံယူ ရရှိခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရက လှူဒါန်းသော ကုန်း၊ ရေ၊ လေ သုံးဌာန၌ ခရီး သွားလာခွင့် အခလွတ် အမြဲတမ်း အထက်တန်း လက်မှတ် တို့ကိုလည်း ရရှိခဲ့တော်မူသည်။
ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ
- ၁။ ကုသိုလ်လည်းရ ဝမ်းလည်းဝ – ၁၉၉၉ ခုနှစ်
- ၂။ စိတ်စွမ်းရည် – ၂၀၀၀ ပြည့်နှစ်
- ၃။ စိတ်အေးစရာ သာသနာ – ၂၀၀၀ ပြည့်နှစ်
- ၄။ ဆင်းရဲ၏နောက် ချမ်းသာရောက် – ၁၉၉၉ ခုနှစ်
- ၅။ နှလုံးသားဝယ် ဘုရားတည် – ၁၉၉၈ ခုနှစ်
- ၆။ ပညာလမ်းပြ လူ့အလှ – ၂၀၀၀ ပြည့်နှစ်
- ၇။ ပတ္တောတသုတ္တန်
- ၈။ ဘဝဇာတ်ခုံ ပုံစံစုံ – ၂၀၀၀ ပြည့်နှစ်
- ၉။ ဘဝဇာတ်ခုံ ပုံစံစုံ တရားတော် – ၁၉၉၉ ခုနှစ်
- ၁၀။ မေတ္တာတရား လူ့စွမ်းအား – ၂၀၀၀ ပြည့်နှစ်
- ၁၁။ မေတ္တာနှလုံး အလှဆုံး – ၁၉၉၉ ခုနှစ်
- ၁၂။ သမုဒ္ဒရာ ဝမ်းတထွာ – ၂၀၀၀ ပြည့်နှစ်
- ၁၃။ အဆင်းအတက် လမ်းနှစ်ဖက် – ၁၉၉၉ ခုနှစ်
- ၁၄။ အပေါင်းလက္ခဏာ – ၂၀၀၀ ပြည့်နှစ်
- ၁၅။ အသိမှန်ကန် အဖိုးတန် – ၁၉၉၉ ခုနှစ်
- ၁၆။ အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ် – ၂၀၀၀ ပြည့်နှစ်
ဆရာတော်ဘုရားကြီးသည် တရားဓမ္မစာအုပ်စာပေများကိုလည်း ဆက်လက်၍ ရေးသားလျက်ရှိသည်။
ထေရုပတ္တိအကျဉ်း ။ ။ dhammadownload.com