ငါးမွေးမြူခြင်းအလုပ်နှင့်သာ ဘ၀ကိုရပ်တည်လာခဲ့ပြီး အသက်(၄၃)နှစ် အရွယ်ရှိ ဦးစံလင်းဆိုသော လူသားတစ်ဦးနဲ့ တွေ့ဆုံခဲ့ရသည်မှာ မဆန်းပေမဲ့ ထူးနေခဲ့ပါတယ်၊
ဦးစံလင်းတစ်ယောက် ယခုနှစ် ငါးတွေ မွေးထားသည်မှာ အချိန်ခြောက်လကျော် သွားပါပြီတဲ့၊ ငါးစတင် ၀ယ်မွေးချိန်မှာ အကောင်ရေ တစ်သောင်းခုနှစ်ထောင်ကို ထိုင်းဘတ်ငွေ သုံးသောင်း လေးထောင်ပေးရပြီး အစာဖိုးငွေ တစ်သောင်းကျော်နဲ့ ဆိုရင် အရင်းလေးသောင်းကျော်ငါးသောင်းလောက်ရှိပါပြီ အခါတိုင်းပြန်ရောင်းတာကတော့ တစ်ခါဖော်ရင် ဘတ်တစ်သိန်းကျော်လောက်ရပါတယ်လို့ပြောပြပါတယ်။
အဲဒီငါးများကို ၂၀၁၅ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ဦးစံလင်းနှင့် မဇ္ဈိမလူမှုကူညီရေး အသင်းမှ နာယကများ နှင့် ဥက္ကဌ အပါအ၀င် အသင်းသူ၊ အသင်းသားများ၊ မိတ်ဆွေသူငယ်ချင်းများ စုစုပေါင်း (၅၇)ဦးတို့ ကား(၁၅)စီးနှင့် မဲခေါင်မြစ်သို့ သွားပြီး ငါးအကောင်ရေ တစ်သောင်းကျော်ကို ဘေးမဲ့အဖြစ် လွှတ်ပေးခဲ့ကြပါတယ်၊။
ပထမဆုံး ရွှေတြိဂံပါရာဒိုက်ဟိုတယ်ဝိုင်း အတွင်းမှာ သံဃာတော်(၆)ပါးပင့်ဆောင်ပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး သီလယူကာ မေတ္တာပို့အမျှဝေခြင်းများပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဦးဇွဲဆိပ်ကမ်းဖြစ်တဲ့ မဲခေါင်မြစ်သို့ သွားပြီး ငါးများကို ဘေးမဲ့လွှတ်ပေးခဲ့ပြီး ငါးလွှတ်ပွဲကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြပါတယ်။
ယခုလို ငါးများကို လွှတ်ပေးလိုတဲ့ စိတ်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ဦးစံလင်းကို ကျွန်တော့်အနေနဲ့ မေးမြန်းကြည့်တဲ့အခါမှာ ဦးစံလင်းဟာ အသက်(၃၀)ဝန်းကျင်က စပြီး ငါးမွေးမြူခြင်းတစ်ခုတည်းကိုသာ
အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခု အဖြစ် ဘ၀ကို ရပ်တည်လာခဲ့သူပါ။ တစ်နှစ်ကို ငါးတွေနှစ်ခါဖော်ပြီး ရောင်းစားပါတယ်တဲ့၊ ငါးအကောင်သေးသေးလေး များကို စမွေးတာဖြစ်ပြီး ခြောက်လလောက်ဆို ငါးတစ်ခါဖော်ပြီး ရောင်းစားပါတယ်။
အဲဒီလိုနဲ့ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကစကာ အတွေးတစ်ခုဝင်လာပြီး စိတ်ခံစားမှုတွေပြောင်းလဲ လာပါတယ်တဲ့၊ ငါးတွေ တစ်ခါဖော်တိုင်း ငါးလွှတ်ပေးချင်စိတ် ဖြစ်ပေါ်နေပါတယ်။ ပြီးတော့ ရေကြီးရေလျှံတဲ့ နှစ်များမှာလည်း ငါးတွေ ရေနဲ့အတူမျှောပါသွားခဲ့သော်လည်း နှမျှောခြင်း စိတ်မဖြစ်ပေါ်တော့တာလည်း သူ့အတွက် ထူးဆန်းတဲ့ စိတ်ခံစားမှု တစ်ခုပါပဲလို့ြေ့ပာပြလာပါတယ်။
သူ့စိတ်ကို လုံးဝ ဆုံးဖြတ်လို့ရသွားစေတာကတော့ ဘေးမဲ့တောမှာအကောင် ပလောင်တွေ လွှတ်ပေးနေကြတယ် ဆိုတဲ့ အသံကြားလိုက်ရချိန်မှာ သူလည်းငါးတွေကို မဲခေါင်မြစ်ထဲ သွားလွှတ်တော့မယ်လို့ ရတိပြတ် ဆုံးဖြတ်ချက်ချကာ ယခုလိုငါး အကောင်ရေတစ်သောင်းကျော်ကို လွှတ်ဖြစ်သွားတာပါလို့ ပြောပြလာပါတယ်။
ငါးမွေးမြူခြင်း အလုပ်ကို လုံးဝစွန့်လွှတ်လိုက်ပြီလားလို့ မေးကြည့်မိလိုက်တော့ မမွေးတော့ဘူးလို့ စိတ်ကူးထားသော်လည်း ငါးမွေးမြူရတာ ဝါသနာတစ်ခုလိုဖြစ်နေ တာကြောင့် ရောင်းစားရန် မဟုတ်ဘဲ မွေးမြူချင်စိတ်တော့ဖြစ်ပေါ်လာနိုင်ပါသေးတယ်လို့ ပြောပြလာပါတယ်။
ယနေ့ ဆရာတော်ဘုရားဟောကြားပေးသွားတဲ့ မှတ်သားစရာ တရားစကား များကတော့
ငါးလွှတ်တာ အပျော်လွှတ်တာ မဖြစ်ကြပါစေနဲ့ ပျော်တယ်ဆိုတာ လောဘတဲ့ လောဘဆိုတာ အကုသိုလ်ပါတဲ့၊ အကုသိုလ်မရအောင် မေတ္တာထားပြီးလွှတ်ပါ၊ လွှတ်ပေးလိုက်တဲ့ ငါးတွေအကုန်လုံး ကံကုန်တဲ့အထိ နေနိုင်ပါစေဆိုပြီး မေတ္တာထားကာ လွှတ်ပေးပါလို့ ဟောပြဆုံးမပေးပါတယ်။
ယခုလိုနွေရာသီမှာ ငါးတွေနေတဲ့ ရေကန်တွေ ရေခမ်းတဲ့ အချိန်မှာ ငါးလေးတွေသေမှာဆိုးလို့ ရေရှိရာနေရာသို့ လွှတ်ပေးကြခြင်းနဲ့ ချက်စားခံရမဲ့ ငါးတွေကို လွှတ်ပေးကြတာဟာ မေတ္တာတရားကြီးမားတဲ့ သူတွေလုပ်တဲ့ အလုပ်ပါ၊ ပြီးတော့ ဒီငါးလေးတွေ မဲခေါင်မြစ်ကြီးထဲမှာ လွတ်လွတ် လပ်လပ် နေကျရပြီပေါ့တဲ့.. သူတို့လည်း ခင်ဗျားတို့ လိုချင်နေတဲ့ ဒီမိုကရေစီရသွားတဲ့ သဘော အတူတူပဲဆိုတော့ ခင်ဗျားတို့ လည်း ဒီမိုကရေစီရမှာပါတဲ့ ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့သူတွေ ပြုလုပ်ကြတာ မဟုတ်လားတဲ့...
ခုခေတ်က ဒီမိုကရေစီဆိုတဲ့ စကားလေးလည်း ထည့်ဟောပေးမှ ခေတ်မီတာ မဟုတ်လားလို့ ဟောကြားပေးသွားပါသောဆရာတော်ဘုရားအား အထူးကျေးဇူးတင်စွာဖြင့် ရိုရိုသေသေ လက်စုံမိုး၍ရှိခိုးကန်တော့ခဲ့ပါတယ်။