ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တရားမ၀င်ရွှေ့ပြောင်း မြန်မာအလုပ်သမား(၄၄)ဦးအား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ယနေ့ မတ်လ(၉)ရက် နေ့လယ်(၁း၄၅)နာရီအချိန်က ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ ပြန်လည်လွှဲပြောင်း ပေးအပ်လာကြောင်း သိရသည်။
“ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ကာရာအိုကေဆိုင်က လူကုန်ကူးခံထားရသူတွေဆိုပြီး ဖမ်းထားတဲ့သူတွေကို ပြန်လည်လွှဲပြောင်းပေးတာပါ၊ တကယ်တမ်းတော့ သူတို့ဟာ တရားမ၀င် အလုပ်သမားတွေဖြစ်ပါတယ်၊ အလုပ်သမားကတ် မရှိသူတွေပါ”ဟု တာချီလိတ် လူကုန်ကူး(အထူး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ တရားဝင် လွှဲပြောင်းလာသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများမှာ အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး(၂၉)ဦး စုစုပေါင်း (၄၄)ဦးဖြစ်ကြောင်း နှင့် ထိုင်းဘက်မှာ လာရောက် လွှဲပြောင်းပေးသွားသော မြန်မာအမျိုးသမီးများသည် တရားဝင် အလုပ်လုပ်ကိုင်ခွင့် အလုပ်သမားကတ် ရရှိထားသူများမဟုတ်၍ ထိုင်းရဲများမှ ဖမ်းဆီးကာ ပြန်လည်လွှဲပြောင်းလိုက်တာ ဖြစ်ကြောင်း သိရသည်။
"ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင် သွားလာလုပ်ကိုင်နေကြတဲ့ သူများကို ဆက်တိုက် ဖမ်းဆီးမှုများ ရှိနေတဲ့အတွက် မြန်မာနိုင်ငံသားများ အနေနဲ့ အထူးသတိပြုရန်လိုအပ်ပါတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC)မှ ဦးစည်သူမောင်မှ အသိပေးပြောကြားသည်။
ယနေ့ မတ်လ(၉)ရက်နေ့ အပါအ၀င် ပြီးခဲ့သည့် မတ်လ(၄)ရက်နှင့် (၅)ရက်နေ့များတွင် တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ပြန်လည်လွှဲပြောင်းလာခဲ့သည်မှာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၄၉)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ။ ။ ကိုငယ်