တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း၌ ထိုင်းရဲတပ်ဖွဲ့များမှ မြန်မာနိုင်ငံသားများ အပေါ် ဆီးစစ်ခြင်း နှင့် ထိုင်းဘဏ်များတွင် ငွေကြေးထုတ်ယူမှုများနှင့် ပတ်သက်၍ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးမှုများကို ပြုလုပ်တော့မည် မဟုတ်ကြောင်း ချင်းရိုင်းခရိုင် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျရန်းရိန်းထန်းမှ မြန်မာ-ထိုင်း နယ်ခြားကော်မတီ ဆက်ဆံရေး တာဝန်ခံ/ဘာသာပြန် ဦးဘိုလေးမှ တဆင့် အသိပေးလာကြောင်း သိရသည်။
မကြာသေးမီကာလက အသစ်ပြောင်းရွေ့လာသော ချင်းရိုင်းခရိုင် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျရန်းရိန်းထန်းသည် ယနေ့ ၂၀၁၅ခုနှစ် မတ်လ(၂၃)ရက် နံနက်(၁၀း၃၀)နာရီအချိန်က မယ်ဆိုင်မြို့မရဲစခန်းတွင် မြန်မာ-ထိုင်းနယ်ခြားကော်မတီ ဆက်ဆံရေး တာဝန်ခံ/ဘာသာပြန် ဦးဘိုလေးအား ဖိတ်ကြား၍ အသိပေးပြောဆိုလိုက်တာ ဖြစ်ကြောင်း သိရသည်။
ချင်းရိုင်းခရိုင် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျရန်းရိန်းထန်းက အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ လာရောက်ကြသည့် မြန်မာနိုင်ငံသားများအပေါ် ဆီးစစ်ခြင်းကို လုံးဝမပြုလုပ်ခိုင်းတော့ကြောင်း နှင့် ထိုင်းဘဏ်များမှ တရားဝင် ငွေထုတ်ခြင်းနှင့် ပတ်သက်၍လည်း ယခင်လို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခြင်းအဖြစ် မပြုလုပ်စေရန်နှင့် အကြောင်းမဲ့ ဖမ်းဆီးငွေညှစ်ခြင်းများ မပြုလုပ်စေရန်တို့ အတွက် မတ်လ(၂၄)ရက် နံနက်(၉း၃၀)နာရီအချိန်တွင် မယ်ဆိုင်မြို့မရဲစခန်း၌ မယ်ဆိုင်မြို့နယ်အတွင်းရှိ ရဲဌာနစခန်းအားလုံးကို ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ကာ ညွှန်ကြားချက် ထုတ်ပြန်မည်ဖြစ်ကြောင်းအပြင် လွန်ခဲ့သော နှစ်လခန့်အတွင်းက ဆီးစစ်ခြင်းနှင့် ပတ်သက်၍ ငွေညှစ်တောင်းခံခြင်းပြုခဲ့သော အကျင့်ပျက်ရဲဝန်ထမ်းများကိုလည်း စစ်ဆေးအရေးယူခဲ့ပြီးကြောင်း ကို ပြောကြားခဲ့ကြောင်းသိရှိရသည်။
အသစ်ပြောင်းရွေ့လာသော ချင်းရိုင်းခရိုင် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျရန်းရိန်းထန်းသည် လွန်ခဲ့သော (၁၀)နှစ်ခန့်က မယ်ဆိုင်ရဲမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရှိရသည်။