တာချီလိတ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာနိုင်ရေးနှင့် လေ့လာမှတ်သားနိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လမ်းညွှန်(Road Sign) ဆိုင်းဘုတ်ကို ယနေ့ ၂၀၁၅ခုနှစ် မတ်လ(၂၅)ရက် နံနက်ပိုင်းက စိုက်ထူလိုက်ရာ အဆိုပါ ဆိုင်းဘုတ်၏ ကုန်ကျမှုသည် အများပြည်သူများ၏ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအထူးစီမံဒဏ်ငွေများထဲက အသုံးပြုပြီး စိုက်ထူလိုက်တာ ဖြစ်ကြောင်း သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လမ်းညွှန်(Road Sign) ဆိုင်းဘုတ်ကို တာချီလိတ်မြို့ ထိုင်း - မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးရှိ မြို့နယ်စည်ပင်သာယာရေးရုံးရှေ့တွင် စိုက်ထူရာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်တို့မှ ဆိုင်းဘုတ်အား နံနက်(၉)နာရီ အချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အများပြည်သူများ လိုက်နာ သိရှိနိုင်ရန်အတွက် ယာဉ်/လမ်း စည်းကမ်း လမ်းညွှန်ဆိုင်းဘုတ်အား စိုက်ထူထားရှိရာ အဆိုပါ ဆိုင်းဘုတ်၏ ကုန်ငွေများမှာ စုစုပေါင်း (၁,၅၈၄,၂၄၀)ကျပ် ကုန်ကျပြီး ယင်းကုန်ကျမှုသည် ခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အထူးစီမံဒဏ်ငွေများထဲမှ ထုတ်ယူသုံးစွဲပြီး စိုက်ထူထားတာဖြစ်ကြောင်း တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ မှ သိရသည်။