တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ၂၀၁၅ ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ပို့ချ

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ၂၀၁၅ ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ပို့ချ
မတ် 23, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ယနေ့ မတ်လ (၂၃)ရက်နေ့ နံနက် (၁၀)နာရီခန့်က ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး အသိပညာပေး (ဆင့်ပွား)သင်တန်းဖွင့်လှစ်ပွဲ ကျင်းပခဲ့သည်။

“ရွေးကောက်ပွဲလုံခြုံမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ရန်အတွက်နဲ့ Joint Operation Center ဖွဲ့စည်းပြီး မှန်ကန်တဲ့ သတင်းအချက်အလက် ထုတ်ပြန် စီးဆင်းနေရန်အတွက် ဖွင့်လှစ်တာပါ” ဟု ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင်မှပြောသည်။

United State Institude Of peace (USIP)၏ အစီအစဉ်ဖြင့် ဒုတိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးများ၊ အခြားအရာရှိများ၊ ရွေးကောက်ပွဲကော်မရှင်(UEC) မှ ဒုဝန်ကြီးအဆင့်ရှိ အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲ(Work Shop)ပြုလုပ်ခဲ့ကြောင်း သိရသည်။

USIP ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံနှင့် နီးစပ်၍ သဏ္ဍာန်တူသော နီပေါနိုင်ငံ ရွေးကောက်ပွဲအား အခြေခံလျှက် ဆွေးနွေးခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများ သုံးသပ်ဆွေးနွေး အကြံပြုစာတမ်းပြုစုခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရဲစခန်းအဆင့်အလိုက် အောက်ခြေရဲတပ်သားအထိ သိရှိ လိုက်နာဆောင်ရွက်စေရန် ရည်ရွယ်ပြီး အဓိက အားဖြင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ မဟာဗျူဟာ(၃)ရပ် ဖြစ်သည့် ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး၊ ရွေးကောက်ပွဲ ကာလလုံခြုံရေး နှင့် ရွေးကောက်ပွဲပြီးနောက် လုံခြုံရေး စသည်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို သင်တန်း ဖွင့်လှစ်ရတာဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားသို့ တာချီလိတ်မြို့ပေါ်ရှိ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သင်တန်းအား မတ်လ(၂၃)ရက်နေ့မှ မတ်လ(၂၆)ရက်နေ့အထိ သင်တန်းသား (၂၀)အား ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~ကြော်ငြာ ~~~~~~~