ဒီဆောင်းပါးလေးကို ကျွန်တော်ရေးခဲ့တာက ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဧပြီလ(၁၅)ရက်နေ့က ဖြစ်ပါတယ်၊ ဆောင်းပါးဟောင်းလေးဆိုပေမဲ့ အခုအချိန်ဟာ သင်္ကြန်ကာလရောက်ပြီဆိုတော့ တာချီလိတ်မြို့မှာ သင်္ကြန်ကာလအတွင်း အထူးသဖြင့် သွားရောက်ပျော်ပါး အပန်းဖြေတဲ့နေရာ နှစ်ခုကတော့ ပုန်းထွန်ချောင်း နဲ့ မယ်ဟုတ်ချောင်းဖြစ်ပါတယ်၊ အဲ့ဒီ ချောင်းတွေမှာဆိုရင် နှစ်စဉ်လိုလို အကြောင်းတစ်မျိုးမျိုးနဲ့ ရေနှစ်သေဆုံးမှုတွေ၊ ဦးခေါင်းနဲ့ကျောက်တုံးရိုက်မိမှုကြောင့် ရေထဲကျပြီး သေဆုံးမှုတွေ ဖြစ်လေ့ရှိပြီး နှစ်စဉ်လိုလို တစ်ယောက်လောက်တော့ သေဆုံးလေ့ရှိတဲ့အတွက် အထူးသတိပေးအနေနဲ့ ဒီဖြစ်ရပ်မှန်ဆောင်းပါးကို ပြန်လည်ပြီး ဖော်ပြလိုက်ရပါတယ်။
သားတို့ မြို့လေးမှာ သင်္ကြန်ရောက်ပြီဆိုရင် သားအနေနဲ့ အရမ်းပျော်တာပဲ။ သင်္ကြန်ရောက်ပြီဆိုရင်လေ ပုန်းထွန်ချောင်းမှာ ရေဆော့ရတာ အရမ်းပျော်တယ်။
ဪ.... သားရဲ့အသက်ပြောရအုံးမယ် သားအသက်က အခုဆိုရင် (၉)နှစ်တောင်ရောက်နေပြီ။
ဒီနေ့ သင်္ကြန်အကျနေ့လေ အဖေက ပုန်းထွန်ချောင်း သွားလည်မယ်လို့ ပြောတော့ သား အရမ်းလိုက်ချင်တာနဲ့ လိုက်သွားလိုက်တာ။ ပုန်းထွန်ချောင်းလည်းရောက်ရော လူတွေ အများကြီးပဲ ရေကူးနေကြတာ။ သားက ငယ်သေးတယ်ဆိုတော့ အဖေက ရေမကူးခိုင်းဘူး။ ရေကူးချင်လိုက်တာဗျာ....။
---
--
-
-
-
-
အဖေက ငါးကင်ဝယ်မို့ လားမသိဘူး။ တဲလေးမှာ ရပ်နေတော့ သားလည်း ရေဆော့ချင်လို့ ရေထဲဆင်းလိုက်တာ ရေက အေးပြီး ဆော့လို့ ကောင်းလိုက်တာ ရေဆော့နေချိန်လေးမှာ ဘယ်လိုမှန်း မသိလိုက်ဘူးဗျာ။ ကျောက်တုံးက ချော်သလိုလို နဲ့သား လဲကျသွားတယ်။
ရေစီးရဲ့ အရှိန်ကြောင့်ရော ထင်တယ်ဗျာ သားအားနဲ့က မထိန်းနိုင်ပဲ မျောပါသွားလိုက်တာ။ ဘယ်လောက်တောင် ကြာသွားလည်း မသိလိုက်ဘူး။ သား သတိရလာတဲ့ အချိန်မှာတော့ လူတွေအများကြီးပဲ ရေအောက်ကိုငုံ့ ကြည့်နေကြတယ်။ ကြိုးတွေ ၀ါးတွေနဲ့ ရေထဲဆင်းပြီး ရှာတဲ့လူတွေကရှာလို့ဗျာ ဘာရှာနေမှန်းတော့ သား လည်းမသိဘူး...
လူအုပ်ကြားထဲမှာ သားရဲ့အဖေကို လိုက်ရှာကြည့်တာ အဖေက ရဲတွေပြည်သူ့စစ်တွေရှိတဲ့ တံတားပေါ်မှာ မျက်နှာလေးညိုးငယ်နေလိုက်တာ ပါးစပ်ကလည်း ဘာတွေ ရွတ်နေမှန်းလည်း သိဘူး။ သားကလည်း အဖေ့နားကို သွားလိုက်တယ်။ အနားရောက်လို့ အဖေ လို့ခေါ်တာ အဖေက မကြားဘူး။
အဖေကလည်း သားခေါ်တာကို မကြားတာနဲ့ ဆက်မခေါ်တော့ပဲ ဒီတိုင်းပဲနေလိုက်တယ်။ နဘေးက လူအုပ်ကြီးကလည်း....
"ကလေးလေးက အင်္ကျီ အနီရောင် ၀တ်ထားတာကွ..."
"ရေထဲ မျောသွားတာ မြင်လိုက်သေးတယ် လိုက်ဆယ်တာ မရတော့လို့ကွ..."
"ကလေးလေးက အသက်အခုမှ (၆)နှစ်ပဲရှိသေးတယ်'
"ကလေးလေးက အသက်အခုမှ (၉)နှစ်ပဲရှိသေးတယ်'
အဲ့လိုတွေ အမျိုးမျိုးပြောနေကြပေမဲ့ သူတို့ ပြောနေတာကို သားဘာမှ နားမလည်ဘူး။
ညနေရောက်တဲ့အထိ လူတွေက ရေထဲမှာ ငုံ့ရှာနေကြတုန်းပဲ သားလည်း အိမ်ပြန်ချင်နေပြီ အဖေ့ကိုလည်း ခေါ်တာ ကြားဘူး။ ဘောင်းဘီကို ဆွဲပြီးခေါ်တော့လည်း အဖေ့ရဲ့ ဘောင်းဘီကို ကိုင်လို့လည်းမရဘူးဗျာ....
((( ဘာကြောင့်လဲ )))
((( ဘာကြောင့်လဲ )))
((( ဘာကြောင့်လဲ )))
-
-
-
-
မိုးချုပ်လို့ လူတွေလည်း ပြန်ကြပြီ အိမ်ကို ပြန်ချင်လိုက်တာဆိုပြီး သားအိမ်ကို ပြန်သွားလိုက်တာ လမ်းတစ်လျှောက်လုံး သားရဲ့ ခြေဖ၀ါးမှာ ခဲတွေစူးနေတယ်ဗျာ။ သားမှာ ဖိနပ်လည်းမရှိဘူး။ လမ်းဆက်လျှောက်သွားရင် အိမ်ကိုရောက်တော့ . . ..
အမေက ငိုနေတယ်။
အမေ ဘာဖြစ်လို့ ငိုနေတာလည်းဟင်
သားလာနေတာမတွေ့ဘူးလား
အမေ.... အမေ... အမေ...
ဟင့်... အမေလည်း အဖေ့လိုပဲ သားခေါ်တာ မကြားတော့ဘူးလားဗျာ...
-
-
--
-----
--
အိမ်ကလူတွေ ဘာကြောင့် ငိုနေကြတာလဲ သားမသိဘူးဗျာ။ သားသိတာ ဗိုက်အရမ်းဆာနေတယ်။ အိမ်ထဲလည်း ၀င်လို့မရဘူး။
အဖေ အဖေ ဘယ်ရောက်နေလဲ အဖေကို သွားရှာအုံးမယ်............
အဖေကလည်း ခုထိ ပုန်းထွန်ချောင်းမှာပဲ ဓါတ်မီးတွေနဲ့ ဘာရှာနေတာလဲ ငါးဖမ်းနေတာလား။ ငါးဖမ်းတာနဲ့လည်း မတူပါဘူး။ အဖေကလည်း သားကိုလည်း မမြင်ဘူး။ ဘာတွေ လုပ်နေမှန်းလည်း မသိဘူး။
ဒီလိုနဲ့ပဲ သားဟာ သင်္ကြန်အကျနေ့ကနေ ပထမအကြတ် ဒုတိယအကြတ်နေ့အထိ ပုန်းထွန်ချောင်းမှာပဲ နေနေလိုက်တော့တယ်။
သူများတွေ စားသောက်ပျော်ပါး ရေကူးနေကြတာကို ကျောက်တုံးပေါ်ကနေပဲ ထိုင်ကြည့်နေလိုက်တယ်။
သားနဲ့ရွယ်တူ ကလေးလေးတွေ ရေပြွတ်သေနတ်နဲ့ ဆော့နေတော့ သားလည်း ရေပြွတ်သေနတ် လိုချင်လိုက်တာ....။
ဒီနေ့(ဒုတိယအကြတ်နေ့) နေ့လယ်မှာ ရေထဲမှာ ကလေးလေး တစ်ယောက် သေနေတာကို ဆယ်လာတာတွေ့လိုက်ရတယ်။ အနီးကပ်သွားကြည့်လိုက်တော့
(((အမေရေ....)))
သား . . . . သားလေ သားသေသွားပြီလား
သားမသေဘူးနော် သားခု ရှိနေတယ် အားလုံးကို မြင်နိုင်တယ် ကြားနိုင်တယ် အမေ....။
သား သေသွားခဲ့ပြီလား....................
အထက်ပါဖြစ်ရပ်များဟာ ( ၁၃.၄.၂၀၁၂ ) ညနေပိုင်းမှာ ကလေးလေးတစ်ယောက် ရေထဲမျောပါ သွားခဲ့ပါတယ်။ ကလေးလေးရဲ့ ခြေထောက်မှာ ခဲစူးနေတာတွေ ရေပြွတ်သေနတ်လိုချင်တယ်ဆိုတာမှာ သေဆုံးသွားတဲ့ ကလေးမှ အိမ်နီးရှိ ဗမာစကားမတတ်တဲ့ ထိုင်းလူမျိုးတစ်ဦးထံ ၀င်ပူးပြီး ပြောကြားသွားတာကို သိရပြီး အခြေခံ၍ ရေးသားထားခြင်းဖြစ်သလို ဒီဆောင်းပါးရေးရခြင်းရဲ့ ရည်ရွယ်ချက်မှာ တစ်ဖက်သားအား ထိခိုက်နစ်နာလိုစိတ်ဖြင့် ရည်ရွယ်ရေးသားထားခြင်း(လုံးဝ)မဟုတ်ပါ။
သင်္ကြန်အတွင်းအခါမှာ ပုန်းထွန်ချောင်းသွားကြတဲ့အခါ ဆင်ခြင်နိုင်ရန်အတွက် အထူးရည်ရွယ်ပါတယ်။ ရေနစ်သေရတဲ့ အဖြစ်ဆိုးမျိုး သင်ကိုယ်တိုင် သင့်ပတ်ဝန်းကျင် စသည်ဖြင့် လုံးဝမကြုံရလေအောင် စေတနာဖြင့် သတိပေး ရေးသားထားခြင်းဖြစ်ပါတယ်။
မိဘများ သူငယ်ချင်း မောင်နှမများကလည်း ယခုလို အဖြစ်မျိုးမဖြစ်ရလေအောင် သတိထားဆင်ခြင်နိုင်ပါစေလို့ ရည်ရွယ်ရင်း ကလေးလေးရဲ့ နေရာကနေ ခံစားပြီးရေးသား ဖော်ပြလိုက်ပါတယ်....