တာချီလိတ်၌ မတ်လ(၂၇)ရက် ညပိုင်းက အသက်(၆)နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်နေသည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့ မတ်လ(၂၉)ရက် ညနေအထိ ရှာဖွေမတွေ့ရှိသေးတာကြောင့် မိဘများမှ စိုးရိမ်ပူပန်နေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အိမ်အမှတ် (၄/၁၇၈)နေ ဦးစိုင်းတစ်၏ သမီးဖြစ်သူ အသက်(၆)နှစ်ရှိ မနန်းဖွေးဟွမ်သည် မတ်လ(၂၇)ရက် ည(၇း၃၀)နာရီ အချိန်ခန့်က နေအိမ်မှ ရုတ်တရက် ပျောက်သွားခြင်းကြောင့် မိဘများမှ လူပျောက်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် လူပျောက် အမှတ်စဉ် ၂/၂၀၁၅ ဖြင့် ဖွင့်လှစ်ဆောင်ရွက်ထားပြီး ပြန်လည်တွေ့ရှိရန် လိုက်လံ ရှာဖွေလျှက်ရှိကြောင်း နှင့် ယခုရက်ပိုင်းတွင် ယခုတိုင်ကြားသည့် လူပျောက်မှုမှ လွဲ၍ အခြားမည်သည့် လူပျောက်မှုများ လာရောက်တိုင်ကြားခြင်း မရှိသေးကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
ပျောက်နေသည့် ကလေးကို ပြန်လည်တွေ့ရှိရေးအတွက် မိသားစုဝင်များ နှင့် သက်ဆိုင်ရာများမှ ရှာဖွေနေကြသည့်အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း လူပျောက်ကြေငြာစာရွက်များဖြင့် ဖြန့်ဝေ၍ ရှာဖွေနေလျက်ရှိကြောင်း သိရသည်။
“သမီးကိုပြန်တွေ့ဖို့ တာချီလိတ်မြို့ထဲ နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာရော အစုံလိုက်ရှာနေကြတယ် ကလေးလေး အမြန်ဆုံး မိဘနဲ့ပြန်ဆုံပါစေလို့ အားလုံးက ဆုတောင်းပေးနေကြပါတယ်"ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။
"သမီးကို ဘယ်နေရာမှာပဲ တွေ့တွေ့ အမြန်ဆုံး ဆက်သွယ်ပေးပါ ထိုက်ထိုက်တန်တန် ကျေးဇူး ဆပ်ပါ့မယ်.."ဟု ဆွေမျိုးများက ပြောသည်။
ပျောက်နေသည့် ကလေးအား ရှာဖွေတွေ့ရှိရပါက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အိမ်အမှတ် (၂/၁၇၈)သို့ လည်းကောင်း၊ ဆက်သွယ်ရန် မြန်မာဖုန်း 09-5250649 နှင့် ထိုင်းဖုန်း 0853489425၊ 0924643408 သို့ လည်းကောင်း ဆက်သွယ်စေလိုကြောင်းနှင့် ကလေးအား ရှာဖွေတွေ့ရှိရပါက ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်မှာ ဖြစ်ကြောင်း သိရသည်။