ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့ ၂၀၁၅ခုနှစ် မတ်လ(၂၂)ရက် နံနက်(၇း၁၅)နာရီအချိန်က ၀ါယာရှော့မှတဆင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားရာ နေအိမ်(၄)လုံး မီးလောင်ကျွမ်းသွားသည်။
မီးစတင် လောင်ကျွမ်းမှုနှင့် ပတ်သက်၍ မိုင်းယောင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ အိမ်အမှတ်(၇/၇)နေ ဒေါ်တင်တင်စွမ်း၏ ကုန်စုံဆိုင်တွင် ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်သုံးစွဲရာမှ ၀ါယာရှော့ဖြစ်ကာ စတင်မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုသို့ မီးလောင်မှုကြောင့် အိမ်အမှတ်(၇/၇) ဒေါ်တင်တင်စွမ်း၏ နေအိမ်အပါအ၀င် အိမ်အမှတ်(၇/၆) ဦးနန်ရွက်၊ ၊ အိမ်အမှတ်(၇/၈) ဦးလောစန်၊ နှင့် အိမ်အမှတ်(၇/၁) ဦးဆမ်နွန်းတို့၏ နေအိမ် စုစုပေါင်း နေအိမ်(၄)လုံးမှာ မီးဘေးသင့်ခဲ့ကြောင်း မိုင်းယောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးစတင်လောင်ကျွမ်းသည့် နေအိမ်သည် ကုန်ပစ္စည်းမျိုးစုံ ရောင်းသည့် ဆိုင်ဖြစ်သည့်အတွက် မီးတောက်လောင်မှု အားကောင်းခဲ့မှုကြောင့် အနီးအနား ကပ်လျက်ရှိ နေအိမ် လေးဖက်လေးလံသို့ ကူးဆက်သွားရတာဖြစ်ပြီး ထိုသို့ မီးလောင်မှုကြောင့် နေအိမ်ပစ္စည်းများ မီးလောင်ကျွမ်းမှုထဲ ပါဝင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်းလည်း အနီးအနားရှိ စားသောက်ဆိုင်ရှင်၏ ပြောပြချက်အရ သိရသည်။
မီးစတင်လောင်ကျွမ်းသည့် အချိန်သည် နံနက်(၇း၁၅)နာရီအချိန်ကဖြစ်ပြီး (၇း၄၅)နာရီအချိန်ခန့်တွင် မီးညွှန့်ကျိုးပြီး (၈း၃၀)နာရီအချိန်ခန့်တွင် မီးများအားလုံး လုံးဝငြိမ်းသွားခဲ့ကြောင်း မိုင်းယောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။
"မီးစလောင်တာ ဘယ်လိုလောင်မှန်းမသိဘူး၊ ကျွန်မဈေးထဲရောက်နေလို့ တစ်ယောက်က အစ်မအိမ် မီးလောင်နေတယ်လို့ လာပြောမှ သိရတယ်..."ဟု ဒေါ်တင်တင်စွမ်းက ပြောပြသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မိုင်းယောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အပါအ၀င် နေအိမ် အနီးအနားရှိ တာဝန်သိ ပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ အပါအ၀င် မိုင်းယောင်းတပ်နယ်မှ အရာရှိစစ်သည်များ တပ်သားများလည်း ၀င်ရောက် ငြှိမ်းသတ်ကြပြီး မီးငြိမ်းသွားသည့်နောက် မီးလောင်ကျွမ်းခဲ့သည့် နေအိမ်အား ရှင်းလင်းရေးအဖြစ် ၎င်းတို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ယခုလို မတော်တဆမီးလောင်မှု ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ဖြစ်သော ဒေါ်တင်တင်စွမ်းအား မိုင်းယောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ (ပ)၅/၂၀၁၅၊ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပုံများကိုကြည့်ရန်