တုတ်ထိုးရုပ် ပညာ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သရုပ်ပြ သင်ကြားပေးသွားတဲ့ စကော့တလန်က ဇနီးမောင်နှံ

တုတ်ထိုးရုပ် ပညာ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သရုပ်ပြ သင်ကြားပေးသွားတဲ့ စကော့တလန်က ဇနီးမောင်နှံ
မတ် 14, 2015
By Tachileik News Agency

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးထဲမှာ လူသားများရဲ့ ပရောဂကြောင့်သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးခဲ့ရတဲ့ အကြောင်းအရာ များစွာထဲမှာ သစ်ပင်သစ်တောများကို လောင်စာအဖြစ် အသုံးပြုခြင်း တို့ကြောင့် သစ်တောပြုန်းတီးခြင်း၊ ဇီဝမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေဝေရေလဲ ဒေသများတွင် ရွှေ၊သတ္တုနှင့် ကျောက်မျက် တူးဖော်ရာတွင် စနစ်တကျ မဆောင်ရွက်မှုကြောင့် သစ်တောပျက်စီးခြင်း၊ မြစ်ချောင်းများရဲ့ ရေအရည်အသွေး ထိခိုက်လာခြင်း၊ ရေနေအပင်နှင့် သတ္တဝါများ ထိခိုက်ခြင်း၊ ငါးများနည်းပါးပြီး နုံးပို့ချမှု များလာခြင်းစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ ဖြစ်ပေါ်လျက် ရှိကြောင်းကို သိရှိထားကြတဲ့ အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အလွှာ အသီးသီးမှ တာဝန်ရှိသူ တာဝန်သိသူ အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်းကို လက်ခံထားကြပြီဖြစ်ပါတယ်၊

အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးစွာနဲ့ ထိန်းသိမ်းတတ်ရန် အတွက် တကယ်ကို လိုအပ်နေချိန်မှာ မျိုးဆက်တို့ ရင်ထဲအရောက် ပို့ဆောင်ပေးမည့် စိတ်ကူး ကောင်းများနဲ့ ကျွန်တော်တို့ နေထိုင်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့လေးသို့ ရောက်ရှိလာသူတွေ ကတော့ စကော့တလန်နိုင်ငံသား Mr Richard Struthers နဲ့ ဇနီးဖြစ်သူ Mrs Ida Rankine ဆိုသော ပင်စင်စား ဇနီးမောင်နှံ နှစ်ဦးတို့ဖြစ်ကြပြီး (၃-၃-၂၀၁၅)ရက်နေ့မှ (၁၃-၃-၂၀၁၅) ရက်နေ့ အထိ (၁၀)ရက်တိတိနေထိုင် သွားခဲ့ပါတယ်။

ရောက်လာတဲ့နေ့မှာ သူတို့ဇနီးမောင်နှံအား တည်းခိုရန် ဟိုတယ်တစ်ခုသို့ ပို့ပေးခဲ့ရာ အခန်းခက ဘတ်(၁၂၀၀) ဆိုတော့များတယ်တဲ့ သူတို့က မည်သည့်(NGO)အဖွဲ့အစည်း နှင့်မျှ မပတ်သက်သလို မည်သည့် အဖွဲ့အစည်းရဲ့ အထောက်အပံ့မှလည်း ယူမထားဘဲ ကိုယ့်ဘဝရဲ့ လက်ကျန် ချိန်တွေကို ပရဟိတ အလုပ်တွေ လုပ်သွားရင်း နေသွားမည်ဟု နှစ်ဦးသဘောတူ ဆုံးဖြတ်ထားတာဖြစ်လို့ တတ်နိုင်သမျှ ငွေကြေးကိစ္စများကို မကုန်သင့်သည့် နေရာမှာ မကုန်စေရန်အတွက် ဈေးသက်သာတဲ့
နေရာကို ပို့ပေးပါရန်နဲ့ တည်းခိုခွင့်ရှိမယ်ဆိုရင် ဘုန်းတော်ကြီးကျောင်းမှာတောင်
တည်းခိုချင်ပါတယ်လို့ ပြောလာပါတယ်။

တကယ်ကို လေးစားသွားမိပါတယ်၊ နောက်နေ့မှ တခြားဟိုတယ် တစ်ခုခုကိုပြောင်း ပေးပါ့မယ်။ ဒီတစ်နေ့တော့ ဒီမှာ အေးအေးဆေးဆေး နားလိုက်ပါ၊ ဒီနေ့ အတွက် အခန်းခကိုလည်း ကျွန်တော် လှူပါရစေလို့ပြောပြီး သူတို့ဇနီးမောင်နှံကို နှုတ်ဆက်ခါပြန်လာခဲ့ပါတယ်။

(၄-၃-၂၀၁၅)ရက်နေ့မှာ တခြားဟိုတယ်တစ်ခုကို ပြောင်းပေးလိုက်ချိန်မှာလည်း အဲယားကွန်းခန်း မယူပဲ ပန်ကာလေးသာ တတ်ထားတဲ့ ရိုးရိုးအခန်းကိုသာ ရွေးချယ် တည်းခိုနေတာ ဖြစ်ပါတယ်။

(၅-၃-၂၀၁၅)ရက်နေ့ နံနံက်(၈)နာရီမှာ ဝမ်မိုင်(အမက)ကျောင်းက အသက်(၁၂)နှစ်အောက် ကျောင်းသားလေးများကို သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန်နဲ့ စောင့်ရှောက်ကာကွယ်သွားတတ်စေရန် အတွက် ပညာပေးပုံပြင် ဇာတ်လမ်းများဖြင့် ကလေးငယ်များရဲ့ ရင်ထဲ အရောက်ပို့ ပေးနေတာကို ကိုယ်တိုင်တွေ့မြင်လိုက်ရတဲ့ အခါ အံ့အားသင့်စွာနဲ့ပဲ ပရဟိတ ဇနီးမောင်နှံကို ပိုပြီးလေးစားမိခဲ့ရပြန်ပါတယ်။

ယခုလို နိုင်ငံခြားသား ဇနီးမောင်နှံက မြန်မာပြည်က မျိုးဆက်သစ် ကလေးငယ်များကို
သဘာဝပတ်ဝန်းကျင်ကို လေးစားမြတ်နိုးတန်ဖိုးထားကာ ချစ်ခင် ကာကွယ်စောင့်ရှောက်တတ်စေဖို့ ကိုယ်ပိုင် ငွေကြေးဥစ္စာတို့ကို အသုံးပြုပြီး ကိုယ်တိုင်လာရောက်ကာ ရှေးတုတ်ထိုးရုပ်နည်းပညာဖြင့် ကလေးငယ်များကို တုတ်ထိုးရုပ်များ လုပ်ပြပြီး ကလေးသူငယ်များ စိတ်ဝင်စား စေရန် ပုံပြင် ဇာတ်လမ်းများဖြင့် ပြသပေးရာမှာ ပုံပြင်ထဲက ဇာတ်ကောင်နေရာများမှာ ကလေးငယ်များ ကိုယ်တိုင် တုတ်ထိုးရုပ်လေးများကို ကိုင်တွယ်ပြသစေခြင်းဖြင့်ရင်ထဲ အရောက်ပို့ပေးနေတာပါ။

အသက်(၆၀)ကျော် အဖိုးအဖွား အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ နိုင်ငံခြားသား နှစ်ယောက်မှာ မတ်လရဲ့ ယခုလို အပူများတဲ့ နေ့လယ်ပိုင်းမှာ တံခါးတွေ အလုံပိတ်ထားပြီး ပန်ကာလေးတစ်လုံးသာ ဖွင့်ထားပေးတဲ့ စာသင်ခန်းလေးထဲမှာ ကျောင်းသား ကလေးငယ်များကို  စိတ်ရှည် လက်ရှည် သင်ကြားပေးနေပြီး ကလေးငယ်များကြားထဲမှာ ပျော်ရွှင်တက်ကြွနေတဲ့ မျက်နှာ အမူအရာများကို သတိထားကြည့်မိလိုက်တော့ တကယ့်ကို စေတနာ အပြည့်ထားကာ သင်ပေးနေတာပဲဆိုတာ ပြောစရာမလိုဘဲ သိခဲ့လိုက်ရပါတယ်။

ဒုတိယမြောက် သင်ကြားပေးတဲ့ (ပရဟိတ)အောင်မင်္ဂလာတောရ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှာလည်း တုတ်တိုးရုပ်များနဲ့ သင်ပေးခြင်း အစီအစဉ်ပြီးသွားချိန်မှာ ခဏလေးနားပြီးတာနဲ့ (ရောဂ)ကျင့်စဉ် လေ့ကျင့်ခန်းကိုလည်း သင်ပေးနေတာတွေ့ရှိခဲ့ရပြန်တယ်။

ပရဟိတ ဇနီးမောင်နှံ အဆင်ပြေစွာ သင်ကြားပေးနိုင်ရန်အတွက် အဓိက ကူညီပေးနေသူများ ကတော့ အများအကျိုး ဆောင်ရွက်ရာမှာ တက်ကြွစွာပါဝင် ကူညီပေးတတ်တဲ့ အသက်(၂၀)ကျော်အရွယ် တာချီလိတ်သူလေးနှစ်ဦးဖြစ်တဲ့ မနန်းအိအိဖြူနဲ့ မစန္ဒာစိုးတို့ ကူညီပေးနေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးထဲမှာ မနန်းအိအိဖြူက ဘာသာစကားပြောဆိုရာမှာ အခက်အခဲ မရှိစေရန် ဘာသာပြန် ပေးခြင်းကို ကူညီဆောင်ရွက်ပေးပြီး မစန္ဒာစိုးကတော့ ပုံပြင်ဇာတ်လမ်းနောက်ခံ စကားပြောသူ အဖြစ် ပါဝင်ကူညီပေး ကြပါတယ်။

ယခုလို စကော့တလန်နိုင်ငံမှ ပရဟိတဇနီးမောင်နှံတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစွာနဲ့ တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် မျိုးဆက်သစ် ကလေးငယ်များကို ပုံပြင်ဇာတ်လမ်းများနဲ့ သင်ကြားပို့ချပေးခဲ့လို့ ရရှိမည့်အကျိုး ကျေးဇူးများ ကတော့ မျိုးဆက်သစ်ကလေးငယ်များ ငယ်ရွယ်စဉ် အချိန်ကတည်းက သဘာဝပတ်ဝန်းကျင်ရဲ့ အကြောင်းအကျိုး အကောင်းဆိုးကို သိရှိနားလည်သွားကြမှာဖြစ်ပြီး တောရိုင်းတိရိစ္ဆာန်များကိုလည်း ချစ်ခင် သနားညှာတာစိတ်များ ပေါ်ပေါက်လာစေမှာပါ။

တောင်ပေါ်ဒေသက ကလေးငယ်များအတွက် တောင်ပေါ်မှာ အင်တာနက်လိုင်း မရှိသေးလို့ (Face Book) ဖေ့ဘွတ် (Viber) ဗိုက်ဘာတွေ မသုံးတတ်သလို၊ ဂိမ်းတွေလည်း မကစားတတ် တာကြောင့် ညအခါလသာသာမှာ တုတ်ထိုးရုပ်လေးများနဲ့ သူတို့လေးတွေ ကစားတဲ့ အလေ့အကျင့်လည်း ရရှိသွားကြမှာပါ။

အချင်းချင်းလည်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်တွေလည်း ရရှိကြမယ်ဆိုတာ လုံးဝယုံကြည်မိပါတယ်။ နောက်ဆုံး ကျွန်တော့အနေနဲ့လည်း အနာဂတ်မျိုးဆက်ကလေးငယ်များကို ယခုလို
တုတ်ထိုးရုပ်ကလေးများနဲ့ လူမှုရေးစိတ်ဓာတ်များ တက်ကြွစွာ ပေါ်ပေါက်စေမည့် လူမှုရေး ဇာတ်လမ်းများကို သရုပ်ဖော်ပြသပေးသွားဖြစ်တော့မည်ဆိုသော အတွေးများဖြင့်များစွာ
ကျေနပ်အားရ နေမိပါတော့တယ်...။

ဦးတင့်ဆွေ
မဇ္ဈိမ လူမှုကူညီရေးအသင်း
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~