မြန်မာနိုင်ငံ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လောက်ကိုင်ဒေသ စစ်ဆင်ရေး၌ တာဝန်ထမ်းဆောင်စဉ် တိုက်ပွဲတွင် ကျဆုံး/ဒဏ်ရာရ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တာချီလိတ်ဒေသခံများမှ ယနေ့ မတ်လ(၉)ရက် နံနက်(၉)နာရီအချိန်က တတိယအကြိမ်မြောက် အဖြစ် ကျပ်သိန်းပေါင်း (၄၆)ကျော် ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တတိယအကြိမ်မြောက်အဖြစ် ထောက်ပံ့ပေးအပ်ရာတွင် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ (၁၆၉၄၀၀၀)ကျပ်၊ ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းမိုင် နှင့် မယ်ဆိုင်မြို့အပါအ၀င် တာချီလိတ်မြို့တွင်းရှိ စေတနာရှင်များမှ (၅၀၆၃၀၀)ကျပ်၊ ဦးတိုးလှိုင် + ဒေါ်ငယ် မိသားစုမှ ကျပ်(၅)သိန်း၊ တာချီလိတ်မြို့နယ် စာရေးဆရာများ အသင်းမှ ကျပ်(၅)သိန်း၊ ဦးစိုင်းလှ(စိုင်းလှကားပစ္စည်းဆိုင်)မှ ကျပ်(၃)သိန်း၊ ဦးဇော်လေး + ဒေါ်လူရှားနာ မိသားစုမှ ကျပ်(၂)သိန်း၊ ဒေါ်မေရီ မှ ကျပ်(၅)သိန်း၊ နယ်စပ်ကုန်သွယ်ရေးဝန်ထမ်းများမှ ကျပ်(၁)သိန်း၊ ဒေါ်မြင့်မြင့်ချို(ရွှေရည်မြင့်မိုရ်ကုမ္ပဏီ) မှ ကျပ်(၁)သိန်း၊ ဦးစိန်လွင် + ဒေါ်နန်းလှမြင့် မိသားစုမှ ကျပ်(၁)သိန်း နှင့် ဦးမြင့်ဇော်အောင် မှ ကျပ် (၁)သိန်း စုစုပေါင်း ထောက်ပံ့လှူဒါန်းမှုမှာ ကျပ်သိန်းပေါင်း (၄၆၀၀၃၀၀)ကျပ် ရှိကြောင်း သိရသည်။
စေတနာရှင် အလှူရှင်များမှ လှူဒါန်းကြရာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးမှ တပ်မတော်သားများကိုယ်စား ၀မ်းမြောက်စွာ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။
တာချီလိတ်မြို့ရှိ ဒေသခံပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများ စသည်တို့မှ ပူးပေါင်း၍ တာချီလိတ်အခြေချ စစ်ဗျူဟာသို့ စုပေါင်းလှူဒါန်းလာရာ ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် (၅၈၁၀၀၀၀)ကျပ် လှူဒါန်းခဲ့ကြောင်း နှင့် ဒုတိယအကြိမ်တွင် စုစုပေါင်း (၇၀၉၀၀၀၀)ကျပ် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
လောက်ကိုင်၌ တိုက်ပွဲဖြစ်ပွားမှုသည် ဖေဖော်ဝါရီလ (၉)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ယနေ့ မတ်လ(၉)ရက်နေ့တွင် လောက်ကိုင်တိုက်ပွဲ (၁)လတိတိပြည့်သည့် ရက်ဖြစ်ပြီး တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲတွင် လေကြောင်းဖြင့် (၅)ကြိမ် ပစ်ကူခဲ့ရကြောင်းလည်း သိရသည်။