စာမေးပွဲ ဖြေဆိုနေစဉ် (၃)နာရီ အချိန်ကာလအတွင်း ယာဉ်များအနေဖြင့် ရှောင်ကွင်းလမ်းမှ သွားရန် သတ်မှတ်ထား

စာမေးပွဲ ဖြေဆိုနေစဉ် (၃)နာရီ အချိန်ကာလအတွင်း ယာဉ်များအနေဖြင့် ရှောင်ကွင်းလမ်းမှ သွားရန် သတ်မှတ်ထား
မတ် 11, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် ၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ်လ(၁၁)ရက်နေ့မှ စ၍ မတ်လ (၂၀)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ နေ့လယ် (၁၂)နာရီ အချိန်ထိ ကျင်းပပြုလုပ်နေလျက်ရှိရာ စာမေးပွဲဆိုနေကြစဉ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အနှောင့်အယှက်များ မဖြစ်စေရန် နှင့် ကောင်းမွန်စွာ ဖြေဆိုနိုင်ရန် အတွက် စာမေးပွဲ ကျင်းပပြုလုပ်သည့် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်) ရှေ့တွင် လမ်းအား ခေတ္တပိတ်ထားမှာ ဖြစ်သည့်အတွက် ကား/ဆိုင်ကယ် နှင့် စက်ဘီးများအနေဖြင့် နံနက်(၈း၃၀)နာရီမှ နေ့လယ်(၁၂)နာရီအချိန်ထိ သတ်မှတ်ထားသည့် ရှောင်ကွင်းလမ်းများမှသာ သွားရမှာ ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုနေစဉ် ကြာမြင့်ချိန်မှာ အချိန်(၃)နာရီသာဖြစ်၍ ဖြေဆိုနေကြစဉ်အတွင်း အ.ထ.က(တာချီလိတ်)ကျောင်းရှေ့အား ပိတ်ထားမှာဖြစ်သည့်အတွက် ရှောင်ကွင်းလမ်းဖြစ်သည့် Star ဆိုင်းဘုတ်လုပ်ငန်း အကွေ့မှ နှင်းဆီတည်းခိုခန်း အနောက်လမ်း ထိုမှတဆင့် ရင်ခွဲရုံလမ်းသို့ လည်းကောင်း၊ မြို့နယ်လ၀ကရုံးလမ်းမှ တဆင့် ရွှေတိဂုံဘုရားလမ်းသို့ လည်းကောင်း ရှောင်ကွင်း၍ သွားရောက်နိုင်မှာဖြစ်ကြောင်း သိရသည်။

"စာမေးပွဲ ဖြေနေတဲ့အချိန် (၃)နာရီအတွင်းမှာ ရှောင်ကွင်းလမ်းကနေ သွားကြတဲ့ ယာဉ်များအနေနဲ့ ရှောင်ကွင်းလမ်းပေါ်က လမ်းကျဉ်းကျဉ်းနေရာတွေမှာ ယာဉ်ကို မရပ်ထားဖို့အတွက် မိမိတို့ရဲ့ အသိစိတ်ဓာတ်လည်း ရှိဖို့လိုသလို၊ တာဝန်ကျ ရဲတပ်ဖွဲ့များ အနေနဲ့လည်း အဲ့ဒီအချိန်ကာလအတွင်း ယာဉ်ကြော မပိတ်စေရေးအတွက် ကူညီပေးကြဖို့ မေတ္တာရပ်ခံပါရစေ.."ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမင်းကျော်က တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~ ကြော်ငြာ ~~~~~~~~~