ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်၍ True Move, AIS/One2call, Dtac/Happy စသည့် ထိုင်းဆက်သွယ်ရေး ဖုန်းကတ်များအား ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထားကာ မှတ်ပုံတင်၍ အသုံးပြုရမည်ဟု ထိုင်းနိုင်ငံ အမျိုးသား တယ်လီဖုန်းဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ကော်မရှင်(NBTC)မှ သတင်းထုတ်ပြန်ထားရာ ထိုင်းဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများအနက် Dtac/Happy ဖုန်းကတ် များကို တာချီလိတ်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် မတ်လ မကုန်မီ အချိန်ထိ နိုင်ငံသားမှတ်ပုံတင်ဖြင့် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများအနက် Dtac/Happy ဖုန်းကတ် များကို အသုံးပြုသူ တာချီလိတ်မြို့ရှိ ဒေသခံ တိုင်းရင်းသားများနှင့် ပြည်သူများ အနေဖြင့် မိမိတို့ ကိုင်ဆောင်လျက်ရှိသော တယ်လီဖုန်း နှင့်Dtac/Happy ဖုန်းကတ် အပါအ၀င် မြန်မာနိုင်ငံသား မှတ်ပုံတင် သို့မဟုတ်၊ ယာဉ်မောင်းလိုင်စင် သော်လည်းကောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ဖြင့် သော်လည်းကောင်း ပြသ၍ ထိုင်းဘတ်ငွေ (၁၀)ပေးကာ တရားဝင်မှတ်ပုံတင်နိုင်ပြီဖြစ်ရာ တာချီလိတ်မြို့တွင် ပြုလုပ်ပေးသည့် သတ်မှတ်ရက်ကို မတ်လ(၃၁)ရက်နေ့ ထိ သတ်မှတ်ထားကြောင်း Dtac/Happy ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဖိလှ ထံမှ သိရသည်။
တရားဝင် မှတ်ပုံတင်ပေးရာတွင် ၀န်ဆောင်မှုအဖြစ် ထိုင်းငွေ (၁၀)ဘတ် ကောက်ခံခြင်းနှင့် ပတ်သက်၍ "မှတ်ပုံတင်တစ်ခုကို ဖုန်းကဒ် (၁၅)လောက်ထိ လုပ်လို့ရပါတယ်၊ အခု ဒီမှာ ၀န်ဆောင်ခအဖြစ်ကလည်း ဖုန်းတစ်လုံးကို (၁၀)ဘတ်ပဲ ယူပါတယ်၊ အမှန်က ကုမ္ပဏီကတော့ မကောက်ခိုင်းပါဘူး၊ ကျွန်တော်တို့ မယ်ဆိုင်ဘက်က သွားလာစရိတ်ရယ်၊ စာရွက်စာတမ်းဖိုးနဲ့ စားရိတ်အတွက် ကောက်ခံတာဖြစ်သလို၊ (၁၀)ဘတ်ကလည်း မများဘူးလို့ ထင်ပါတယ်၊ သို့ပေမဲ့၊ (၁၀)ဘတ်ကို ပေးရင် ယူပါတယ်၊ မပေးရင် မယူပါဘူး.."ဟု Dtac/Happy ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ထိုင်းနိုင်ငံသား ဖိလှ မှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
"ကျွန်တော်တို့ ဒီမှာ လာလုပ်ပေးတာ တစ်ပတ်ကျော်သွားပါပြီ၊ ဒီလကုန်သွားတဲ့အထိ ဒီနေရာမှာ ဆောင်ရွက်ပေးနေမှာပါ၊ ဒီလကုန်သွားပြီး သင်္ကြန်အတွင်း (၁၀)ရက် ပိတ်တယ်၊ ဖွင့်ရက်ရောက်ရင်တော့ ထပ်လာဖို့က မသေချာပါဘူး၊ ကုမ္ပဏီက အခုလိုပဲ ထပ်လွှတ်ရင်တော့ လာလုပ်ပေးမှာပါ"ဟု ၎င်းမှ ဆက်လက် ပြောပြသည်။
"ဖုန်းကတ်တွေကို တရားဝင် မှတ်ပုံမတင်ဘူးဆိုရင် မရတော့ဘူးလို့ ကြားလို့ စိတ်ညစ်သွားမိတယ်၊ အခုလို လာလုပ်ပေးတော့ ၀မ်းသာတယ်၊ (၁၀)ဘတ်ပဲ ပေးရတာလည်း တန်ပါတယ်၊ မဟုတ်ရင် မယ်ဆိုင်ဘက်ကို သွားလုပ်ရင် တံတားကူးခနဲ့ သွားခလာခနဲ့ အလုပ်ရှုပ်နေမှာ.."ဟု Dtac ဖုန်းကတ်သုံး တာချီလိတ်ဒေသခံ မဇာခြည်အေးက ပြောသည်။
တာချီလိတ်မြို့ရှိ ပြည်သူများသည် မြန်မာဖုန်းလိုင်းများကိုလည်း အသုံးပြုလျက်ရှိသည့်အပြင် ထိုင်းဖုန်းများဖြစ်သည့် True Move, AIS/One2call, Dtac/Happy တို့ကိုလည်း အသုံးပြုရာ ယခုအခါမှာ Dtac/Happyမှာ တာချီလိတ်မြို့ သို့ လာရောက်ပြီး ၀န်ဆောင်မှုပေးသည့်အတွက် အဆင်ပြေသော်လည်း AIS/One2call အသုံးပြုသူများအနေဖြင့် တာချီလိတ်မြို့၏ တစ်ဖက်ဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘန်ကောက်ဘဏ် ဘေးတွင် ဖွင့်လှစ်ထားရှိသော AIS/One2call ရုံးခွဲတွင် အခမဲ့ တရားဝင် မှတ်ပုံတင်နိုင်မှာဖြစ်ကြောင်း နှင့် True Move ဖုန်းကတ်များကိုလည်း ထိုင်းနိုင်ငံဘက်တွင်သာ မှတ်ပုံတင်ရမှာ ဖြစ်ကြောင်း သိရှိရသည်။
Dtac/Happy ဖုန်းကတ်များကို တရားဝင် မှတ်ပုံတင်ပေးခြင်းအဖြစ် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်ထိ တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ တာချီလိတ်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် ပြုလုပ်ပေးလျက်ရှိရသည်။