ကျိုင်းတုံမြို့၊ ဓမ္မောဒယ ပရိယတ္တိစာသင်တိုက်၏ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအာဇေယျအား နိုင်ငံတော်အစိုးရမှ “အဘိဓဇမဟာရဋ္ဌဂုရု"ဘွဲ့တံဆိပ်တော်ကို ယနေ့ မတ်လ(၄)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ဆရာတော်အား ဂုဏပူဇာသဘင်ပွဲဖြင့် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်း ဓမ္မာရုံအတွင်း (၃)ရက်တိုင်တိုင် ကျင်းပ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဘိဓဇမဟာရဋ္ဌဂုရ ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီးသည် မတ်လ(၉)ရက်နေ့တွင် နေပြည်တော်မှ တာချီလိတ် လေယာဉ်ကွင်းသို့ ကြွရောက်လာမည်ဖြစ်သဖြင့် ဂုဏပူဇာသဘင်ပွဲကျင်းပရန် ဒါယကာ၊ ဒါယိကာမတို့မှ ပင့်ဆောင်ကြိုဆိုမည်ဖြစ်ပြီး မတ်လ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ပူဇော်ပွဲကျင်းပမည်ဖြစ်သည်။
မတ်လ (၁၀)ရက်နေ့ ည(၇)နာရီအချိန်တွင် ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ၀ိရောစနမှ တပည့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား တရားချီးမြှင့်မည်ဖြစ်ပြီး မတ်လ(၁၁)ရက်နေ့ နံနက်(၈)အချိန်တွင် နိုင်ငံတော် သြ၀ါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရ ဘဒ္ဒန္တအာဇေယျ ဓမ္မောဒယ ဆရာတော်ဘုရားကြီးနှင့်အတူ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ၊ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ နှင့် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒ န္တ၀ိရောစန တို့အား ကံထပ်မင်္ဂလာဆင်ယင်ကျင်းပမည်ဖြစ်သည်။
မတ်လ(၁၁)ရက်နေ့ နံနက်(၉း၃၀)အချိန်တွင် နိုင်ငံတော် ဘွဲ့တံဆိပ်တော်ရဆရာတော်ဘုရားကြီးအား ဂုဏ်ပြုပွဲနှင့် ထေရုပ္ပတ္တိဖတ်ကြားပူဇော်ခြင်းနှင့် ပင့်သံဃာအပေါင်းတို့အား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအနုမောဒနာ တရားနာကြားခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ဂုဏပူဇာသဘင် ပွဲတော်နှင့် ဆရာတော်များ ကံထပ်မင်္ဂလာပွဲတော်အား မဟာမြတ်မုနိဘုရားကျောင်း ဆရာတော် ဘဒ္ဒန္တပညာသာမိနှင့် ဆရာတော်သံဃာတော်များအား အမှူးပြု၍ ဦးမောင်လေး(သုဓမ္မမဏိဇောတဓရ) ဇနီး(ဒေါ်နန်းကျိန်) အဆွေတော်မိသားစု၊ ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်မိသားစု၊ ရွှေစံအိမ်တော် ရတနာလုပ်ငန်းမိသားစုနှင့် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့မှ ခြိမ့်ခြိမ့်သဲသဲဆင်ယင်ကျင်းပမည်ဖြစ်သဖြင့် ရပ်နီးရပ်ဝေး ပုဂ္ဂိုလ်များ ကြွရောက် ကုသိုလ်ယူနိုင်ပါရန် တာချီလိတ်အွန်လိုင်းမှ အသိပေးဖိတ်ကြားအပ်ပါသည်။