ဘန်ကောက်မြို့တော်အတွင်း လမ်းဘေးဈေးသည်များအား လမ်းလျှောက်သူများအတွက် လမ်းနေရာ ပိုမိုကျယ်ဝန်းလာစေရန် ရှင်းလင်းဖယ်သွားမည်ဟု AFP သတင်းဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အထင်ကရ လမ်းများပေါ်တွင် ပျံကျစားသောက်ဆိုင်များ၊ စားစရာမျိုးစုံများ နှင့် ခေါက်ဆွဲဆိုင်များအပြင် လိင်ပစ္စည်းအရောင်းဆိုင်များနှင့် ပြည့်ကြပ်နေရာ လူစည်ကားသော လမ်းများပေါ်တွင် လမ်းလျှောက်သူများ နေရာပိုမိုကျယ်ဝန်းလာစေရန် ဈေးသည်များအား ဖယ်ရှားမည်ဟု ထိုင်းအာဏာပိုင်များမှ သတင်းထုတ်ပြန်ကြေညာထားသည်။
ဈေးသည် လူထောင်ပေါင်းများစွာမှာ လမ်းမကြီးများပေါ်မှ လမ်းသွယ်များအတွင်း ပြောင်းရွှေ့ ရောင်းချခြင်းနှင့် အချိန်ပိုင်း ဈေးရောင်းချခြင်းတို့အဖြစ် ရောင်းချနိုင်ရန် စည်းကမ်း သတ်မှတ် ပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအား သန့်ရှင်းသပ်ရပ်သော နိုင်ငံဖြစ်စေရေးအတွက် ယခုလို သတ်မှတ်လိုက်ခြင်းသည် စီမံချက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လမ်းမများပေါ်တွင် ဈေးရောင်းချသူများနှင့် လမ်းသွားလမ်းလာများ၊ လမ်းအား မျှဝေ အသုံးပြုနေရကြောင်း သိရသည်။ ဈေးဝယ်သူများအတွက် လိုအပ်သော တီရှပ်၊ DVDs၊ အစားအသောက်နှင့် ပစ္စည်းမျိုးစုံအား လွယ်လင့်တကူ ၀ယ်ယူနိုင်ပြီး ဈေးပေါပေါနှင့် ရနိုင်သဖြင့် လမ်းပေါ်ဈေးရောင်းသူများမှာ လူစည်ကားရာ လမ်းများအပေါ်တွင် မှီခိုမှုများပြုနေရသည်။
“လူပေါင်းထောင်ချီပြီး ဒုက္ခရောက်ရတော့မယ် သူတို့နောက်မှာရှိတဲ့ မိသားစုတွေလည်းရှိသေးတယ်လေ ပြဿနာမျိုးစုံဖြစ်လာနိုင်တယ်”ဟု ဈေးဝယ်သူတစ်ဦးမှပြောသည်။
အာဏာပိုင်များမှ ကွင်းဆင်းသုတေသနပြုချက်အရ ဘန်ကောက်မြို့လမ်းများပေါ်တွင် ဈေးရောင်းသူ (၂၀၀၀)မှ (၄၀၀၀၀)ခန့်ရှိနိုင်ကြောင်း စစ်တမ်းများမှဖော်ပြထားသည်။
ဈေးသည်တစ်ဦးမှလည်း “ကျွန်တော့်ကလေးတွေ ကျောင်းစရိတ်ကို လမ်းပေါ်ဈေးရောင်းပြီးရှာဖွေနေရတာ အခုလို မရောင်းရတော့ဘူးဆိုရင် ဒုက္ခရောက်နိုင်တယ်”ဟု ပြောဆိုသည်။
ဘာသာပြန် ။ ။ ဇက်(Z)
Ref; News Yahoo