တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များအနက် လူမှုရေးလုပ်ငန်းများအပြင် ဘာသာရေးကို အဓိက အားထားဆောင်ရွက်လျက်ရှိသည့် အလင်းရောင်ပရဟိတအသင်းမှ ၂၀၁၅ခုနှစ် ဧပြီလ(၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် ဆွမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မှာဖြစ်ပြီး အဆိုပါနေ့တွင် ကျောက်ဆည် ဆင်တော်မင်္ဂလာ အကများ နှင့်အတူ ဧည့်ခံဖျော်ဖြေသွားမှာဖြစ်ကြောင်း အလင်းရောင်ပရဟိတအသင်းမှ သိရသည်။
အဆိုပါ ဧည့်ခံပွဲအား တာချီလိတ်မြို့ရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း နှင့် ကျိုင်းတုံမြို့ နှလုံးလှ လူမှုကူညီရေး အသင်းတို့မှ ဦးစီး၍ ပူးပေါင်း ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ဆင်တော်မင်္ဂလာ အကဖြင့် ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရစံပြကျေးရွာ၊ သံချက်ကုန်း ပေါ်တော်မူဆုတောင်းပြည့် မြတ်စွာဘုရားရင်ပြင်တွင် ဆောက်လုပ်မည့် "ဓမ္မသာဝနဓမ္မာရုံတော်ကြီး"တည်ဆောက် ပြီးစီးရေးအတွက် တာချီလိတ်မြို့နယ်အတွင်း လှည့်လည်၍ လိုအပ်သော အလှူငွေများကို အလှူခံသွားမှာဖြစ်ကြောင်းလည်း သိရသည်။
ကျောက်ဆည်ဆင်တော်မင်္ဂလာအကဖြင့် မိမိတို့၏ နေအိမ်သို့ လာရောက်၍ ဖျော်ဖြေစေလိုသည့် အလှူရှင်များအနေဖြင့် အလင်းရောင်ပရဟိတအသင်းသို့ လာရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရှိရသည်။