အဆင့်မြှင့် တည်ဆောက်ပြီးစီးလုဖြစ်နေသည့ှ်ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့မ (၀မ်ကောင်း) ဈေးသစ်တွင် ပျံကျနေရာ ချထားပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သတ်မှတ်နေရာ အသီးသီး ရရှိရေးနှင့် နေရာအတည်တကျ ချထားနိုင်ရန် အတွက် မဲနှိုက်ရန် ကျန်ရှိနေသေးသော ပျံကျ ဈေးခုံ (၁၂၃)ခုံအား မဲစနစ်ဖြင့် ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ်ရှိ အောင်မြတ်ခန်းမတွင် နေရာချပေးသည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြသည်။
“ပျံကျဈေးသည်တွေကို ဘယ်နိုင်ငံကမှ အရေးတယူ ဈေးရောင်းချဖို့နေရာ ချပေးတယ်ဆိုတာမရှိဘူး အခုကျွန်တော်တို့က နေပူထဲကနေ မိုးလုံလေလုံ အဆောက်အဦထဲမှာ ရောင်းချနိုင်အောင် စီစဉ်ပေးတာပါ..” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ယင်းအခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။
မြို့မ(၀မ်ကောင်း)ဈေးသစ်တွင် ပျံကျ(၂၉၀)ခုံအနက် နေရာချထားပေးရေးနှင့်ပတ်သက်၍ မဲနှိုက်ရန် ကျန်ရှိနေသေးသော ပျံကျ(၁၂၃)ခုံအား မဲစနစ်ဖြင့် နေရာချထားပေးခဲ့ရာ ကုန်စိမ်း အာခါဈေးတန်းခုံများ၊ အတွင်း (A)ရုံနှင့် "က"တန်းကြား ရုံခုံများ၊ အုတ်ခုံထိပ်ကပ်လျက်ခုံများ၊ သားငါးတန်းခုံများ၊ ငှက်ပျောသီး တန်းခုံများ၊ အတွင်း သွပ်ရုံခုံများ နှင့် “စ”နှင့်“ဆ”ဈေးတန်းခုံများ၊ စုစုပေါင်း (၁၂၃)ခုံအား မဲစနစ်ဖြင့် နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှသိရသည်။
"ဈေးဆိုင်နေရာ ရရှိထားသူများအားလုံး ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နောက်ဆုံးထားရှိပြီး ပိုင်ရှင်ကိုယ်တိုင် အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံတင်ပါ တပါတည်းယူဆောင်လာပြီးတော့ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှာ စာရင်းပေးသွင်းပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်"ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ပြောကြားသည်။
“ဈေးသည်တွေ ဈေးဆိုင်ခန်း ရရှိအောင် အရင်ဆုံးမဲနှိုက်ပေးတာပါ။ ဈေးဆိုင်ခန်း ငွေရေးကြေးရေး ကိစ္စတွေ အတွက်လဲ ကျွန်တော်တို့ စီစဉ်ထားတာရှိပါတယ်၊ ဈေးကော်မတီလဲ ဖွဲ့ဦးမှာပါ”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်းမှပြောသည်။
ဈေးဆိုင်ခန်း၏ တန်ဖိုးငွေများကို ပေးသွင်းနိုင်ခြင်း မရှိသေးသောသူများအား အတိုးနှုန်းသက်သာစွာဖြင့် ငွေချေး၍ ပေးသွင်းနိုင်ရန်နှင့် အရစ်ကျပေးသွင်းနိုင်ရန် ဈေးတည်ဆောက်သော ကုမ္ပဏီနှင့် ဆက်သွယ်၍ ဈေးသူဈေးသားများ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးကော်မတီအား ဈေးသူဈေးသားများမှ အမည်စာရင်းပေးသွင်း သူများကိုသာ စိစစ်ခန့်အပ်၍ တာဝန်ပေးသွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
လာရောက် စာရင်းပေးသွင်းခြင်းမရှိသော ဈေးဆိုင်ခုံပိုင်ရှင်များအား ဈေးခုံပြန်လည်ပေးအပ်သွားမည် မဟုတ်ကြောင်းနှင့် လမ်းမများပေါ်တွင် ဈေးရောင်းချခြင်းနှင့် အမြင်မတော် ဈေးရောင်းခြင်းများ လုံးဝပြုလုပ်ခွင့်ပေးမည် မဟုတ်ဘဲ ပြုလုပ်ပါက စည်းကမ်းချက်များ ထုတ်ပြန်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။
စည်ပင်သာယာရေး ကော်မတီမှ ယခု ဆိုင်ခန်းချထားပေးမှုသည် ဈေးဆိုင်ခုံ(၃)ခုံ ရထားသူများနှင့် (၂)ခုံရထားသူများအား စိစစ်၍ (၁)ခုံသာ ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုံးဝရရှိထားခြင်း မရှိသေးသောသူများအား မဲနှိုက်၍ ပြန်လည်ပေးခြင်းဖြစ်သော်လည်း မရရှိသေးသောသူများလည်း ရှိနိုင်သေးကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယခုမဲနှိုက်ရောင်းချပေးလိုက်သော ပျံကျဈေးခုံများ၏ တန်ဖိုးများသည် (၃ပေx၃ပေ)ခုံ တစ်ခုံလျှင်(၁၁)သိန်းကျပ်၊ (၄ပေx၃ပေ)ခုံ တစ်ခုံလျှင် (၁၅)သိန်းကျပ်၊ (၅ပေx၃ပေခွဲ)တစ်ခုံလျှင် ကျပ်သိန်း(၂၀) စသည်ဖြင့် အသီးသီးရှိကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့် စည်ပင်သာယာရေးကော်မတီဝင်များမှ စောင့်ကြည့်ခဲ့ကြပြီး သက်ဆိုင်ရာ ပျံကျခုံတန်း ဈေးသူ၊ ဈေးသားများမှ တက်ရောက်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်