ထိုင်းနိုင်ငံ မဲဆောက်တွင် ကတ်မရှိသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အဖမ်းခံရ

ထိုင်းနိုင်ငံ မဲဆောက်တွင် ကတ်မရှိသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အဖမ်းခံရ
ဖေဖော်ဝါရီ 8, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၀၀)ကျော် ဖမ်းဆီးခြင်း ခံရကြောင်း သိရသည်။

“ထိုင်းနိုင်ငံ လ၀ကနဲ့ စစ်တပ်တွေ အလုပ်သမားကတ်မရှိတဲ့ မြန်မာတွေကို လိုက်ဖမ်းနေတာပါ၊ ကတ်ပန်းရောင်ရှိတဲ့ သူတွေကို မဖမ်းဘူး၊ မရှိတဲ့သူတွေကိုဘဲ ဖမ်းတယ်”ဟု မဲဆောက်မြို့တွင်း ဆံသလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်မင်းထွန်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


ထိုင်းနိုင်ငံတွင် ၂၀၁၅ ခုနှစ် မတ်လပိုင်းအတွင်း မြန်မာနိုင်ငံသားများအား ပတ်(စ)ပို့ လုပ်ပေးမည် ဖြစ်သောကြောင့် အလုပ်သမားကတ်နှင့် ပတ်(စ)ပို့ မရှိသူများအား လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်နိုင်ကြောင်း၊ အလုပ်သမားကတ်များ ထုတ်ပေးတော့မည် မဟုတ်ဘဲ ပတ်(စ)ပို့ များသာ ထုတ်ပေးမည်ဟု သိရှိရကြောင်းနှင့် မဲဆောက်မြို့ပြင် (အမီုးစိန်း)အမိုးစိမ်းစက်ရုံတွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“မဲဆောက်မြို့ထဲမှာ ထိုင်းစစ်တပ်က လိုက်ဖမ်းလို့ ကျွန်တော့ သူငယ်ချင်းတွေ ထောင်(၆)လ ကျနေတယ်”ဟု ရွှေ့ပြောင်းအလုပ်သမားတစ်ဦးမှ ပြောသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအား ဖမ်းဆီးမှုများမှာ ပုံမှန်ပြုလုပ်နေကြဖြစ်ကြောင်း၊ ယခု သံရုံးမှ ထုတ်ပြန်ထားချက်နှင့် တိုက်ဆိုင်နေကြောင်း ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် မဲဆောက်မြို့ ပတ်ဝန်းကျင်၌  လိုက်ဖမ်းခြင်းကြောင့် ပြေးနေရကြောင်းနှင့် မြို့ထဲတွင် ဖမ်းဆီးခြင်း မရှိသေးကြောင်း ၎င်းထံမှသိရသည်။

“ကျွန်တော်တို့ ဗန်ကောက်မြို့မှာတော့ အေးဆေးဘဲ သိပ်တော့ မထူးခြားသေးဘူး၊ ဒါပေမယ့် ပြောလို့တော့ မရနိုင်ဘူး၊ ကိုယ်နဲ့နီးတဲ့ သူတွေကိုတော့ အကြောင်း လိုက်ကြားထားတယ်၊ သတိဝိရိယနဲ့နေဖို့” ဟု ဗန်ကောက်မြို့အတွင်း နေထိုင်သူ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးမှ ပြောသည်။

“သူဌေးအငှားလုပ်တဲ့ သူတွေကို ဒါမှ မဟုတ် သူဌေးပိုင် မရှိသူတွေကို လိုက်ဖမ်းနေတာပါ၊ စစ်တပ်နဲ့ လ၀ကနဲ့သိတဲ့ သူဌေးတွေဆီတော့ ဖမ်းတယ်မကြားပါဘူး”ဟု ရွှေ့ပြောင်း အလုပ်သမား ကိုကြည်စိုးမှ ပြောသည်။

“မဲဆောက်မြို့ထဲမှာ လိုက်ဖမ်းနေတာတော့ ဟုတ်တယ်၊ သူတို့က နေထိုင်ခွင့် အထောက်အထား မရှိတဲ့ သူပါ၊ တစ်ချို့ကိုတော့ ဖမ်းပြီး မြန်မာဘက်ကမ်းကို ပြန်ပို့တယ်၊ ကျွန်တော်တို့ အသင်းအနေနဲ့လဲ တစ်ခါတစ်လေ ထမင်းကျွေးတာတို့ လိုအပ်တာ ကူညီတာတို့တော့ လုပ်ပေးပါတယ်”ဟု မြ၀တီစေတနာ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှထွန်းမှ ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်လည်း လွန်ခဲ့သည့် တစ်ပတ်ခန့်က အလုပ်ဆိုဒ်များ၊ နေအိမ် တန်းလျားများတွင် ဝင်စစ်ဆေး၍ ဖမ်းဆီးမှုများ ရှိကြောင်း နှင့် CNCMC ကော်မတီကို လာရောက် တိုင်ကြားခြင်းများ မရှိသေးကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဦးထွန်းထံမှ သိရသည်။

မြန်မာနိုင်ငံသား အလုပ်သမားများ အနေနှင့် လူစည်ကားရာ ကုန်တိုက်များ၊ ဈေးဝယ်စင်တာများ၊ ဘတ်(စ)ကား ဂိတ်များနှင့် ဘူတာရုံများတွင် အချိန်ကြာမြင့်စွာ စုဝေး သွားလာခြင်းမပြုကြရန် ဆင်ခြင် သတိပြု နေထိုင်ကြပါရန် မိမိတို့နေအိမ်၊ ရုံးခန်းနှင့် အလုပ်ရုံနေရာများသို့ ဆောလျင်စွာ ပြန်လည် ၀င်ရောက် နေထိုင်ကြပါရန် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်ထားကြောင်း  သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~