ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ပြည်သူများ အသိပညာဗဟုသုတများ ခေတ်နှင့်အညီ လက်လှမ်းတမှီ လေ့လာဆည်းပူးနိုင်ပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ Laptop ကွန်ပျူတာ၊ Tablet ၊ mobile ဖုန်းတို့ဖြင့် စာပေဖတ်ရှုလေ့လာနိုင်သည့် စာအုပ်ပေါင်း ၇၀၀၀ ကျော်ပါဝင်သော Public Digital Library Service စက်များအား တိုးချဲ့ တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး နှင့် ၀န်ထမ်းများသည် ယနေ့ ဖေဖော်ဝါရီလ (၂၈)ရက်၊ နံနက်ပိုင်းက တိုးချဲ့တပ်ဆင်ပေးရာတွင် ကြည့်ရှု အသုံးပြုနည်း လမ်းညွှန်ဗီနိုင်းနှင့်အတူ တာချီလိတ်လေဆိပ်၊ ဗယ်လင်တိုင်း အအေးနှင့်ကဖေး စားသောက်ဆိုင်တို့၌ တပ်ဆင် ပေးခဲ့ခြင်းဖြစ်ပြီး၊ ပထမအကြိမ်တွင် ခရိုင်ပြန်/ဆက်ရုံး ၌ တစ်လုံးတပ်ဆင် ပေးထားပြီးပြီ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အလှူရှင်တစ်ဦးဖြစ်သူ ASG အသင်း ဥက္ကဌ ဒေါက်တာမြင့်အောင်မှ လှူဒါန်းပေးသည့် PDLS စက်နှစ်လုံးအား ASG အသင်းရုံးနှင့် မြို့နယ်စာရေး ဆရာအသင်းရုံးတို့တွင် တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။
"အခုလို လူစည်ကားရာ နေရာတွေ၊ လ္ဘက်ရည်ဆိုင်တွေမှာ စာအုပ်ပေါင်း ၇၀၀၀ ကျော်ပါဝင်တဲ့ Public Digital Library Service(PDLS) စက်များကို တပ်ဆင်လို၍ဖြစ်စေ၊ လှူဒါန်းလို၍ ဖြစ်စေ ပြန်/ဆက်ရုံးမှာ လာရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့ ဒီစက်ကို တပ်ချင်တဲ့သူပဲဖြစ်ဖြစ်၊ လှူချင်တဲ့လူပဲဖြစ်ဖြစ် အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်..."ဟု တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ရှင်းပြသည်။
သတင်း ။ ။ ဝေယံလင်း