စာရေးဆရာ နန်းရွှေလီကြိုင်(မိုင်းပန်)၏ အသစ်ထွက်ရှိသည့် စာအုပ်များ မိတ်ဆက် ရှင်းလင်းပွဲ တာချီလိတ်၌ ပြုလုပ်ခဲ့

စာရေးဆရာ နန်းရွှေလီကြိုင်(မိုင်းပန်)၏ အသစ်ထွက်ရှိသည့် စာအုပ်များ မိတ်ဆက် ရှင်းလင်းပွဲ တာချီလိတ်၌ ပြုလုပ်ခဲ့
ဖေဖော်ဝါရီ 19, 2015
By Tachileik News Agency

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး၊ မြို့နယ်စာရေးဆရာအသင်း၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ စာရေးဆရာ နန်းရွှေလီကြိုင် (မိုင်းပန်)၏ (၈)အုပ်မြောက် “ မိုင်းပန်သူလေး နန်းယီ ဆိုင်ကော် နှင့် ရှမ်းစာဆိုတော်ကြီး စ၀်ကော်လီ ” စာအုပ် နှင့် (၉)အုပ်မြောက်အဖြစ် “ ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ” အသစ်ထွက်ရှိသည့် စာအုပ်များ မိတ်ဆက် ရှင်းလင်းပွဲကို ယနေ့ ဖေဖော်ဝါရီလ (၁၉)ရက်၊ နံနက် (၈)နာရီအချိန်က ၀မ်ကောင်းရပ်ကွက်ရှိ၊ JA စားသောက် ဆိုင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စာရေးဆရာအသင်းမှ နာယကများ ၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်အားပေးကြသည်။

မြို့နယ်စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင် က ယခုလို စာအုပ်များအား (၉)အုပ်မြောက်အထိ ရေးသားထုတ်ဝေနိုင်သည့် အတွက် အသင်းကိုယ်စား ကျေးဇူးတင် ဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း၊ စာရေးသူအတွက် ကောင်းမွန်သည့် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် ကျန်ရစ်တည်ရှိနေမှာဖြစ်သလို၊ တိုင်းပြည် နှင့် လူမျိုးအတွက် ကောင်းမွန်သည့် စာပေသိပညာ ဗဟုသုတများ ဆက်လက်ကြိုးစား ရေးသားဖြန့်ဝေဆောင်ရွက် ပေးနိုင်ပါစေကြောင်း အားပေးစကား ပြောကြားသည်။

စာရေးဆရာ နန်းရွှေလီကြိုင်(မိုင်းပန်)က မိမိရေးသားသည့် စာအုပ်(၈) အုပ်မြောက်ဖြစ်သည့် “ မိုင်းပန်သူလေး နန်းယီဆိုင်ကော် နှင့် ရှမ်းစာဆိုတော်ကြီး စ၀်ကော်လီ ” စာအုပ်မှာ ဇာတိမြို့ဖြစ်သည့် ရှမ်းပြည် (တောင်ပိုင်း)၊ မိုင်းပန်မြို့ မွေတော်ပရိယတ္တိစာသင် တိုက်ကြီး ဆောက်လုပ်ခဲ့သည်မှာ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ ယင်းစာအုပ်တွင် မိုင်းပန်မြို့၏ ရာဇ၀င် ၊ မင်းတုန်းမင်း လက်ထက် ရှမ်းစာဆိုတော်ကြီး စ၀်ကောလီ အကြောင်းများ ပါဝင်ကြောင်း၊ ထို့အပြင် (၉)အုပ်မြောက်ဖြစ်သော ဆောင်းပါး(၁၂)ပုဒ်ပါဝင်သည့် “ ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ” အား ဆက်လက် ရှင်းလင်းပြီး၊ စာပေချစ်သူများ အနေဖြင့် လိုအပ်သလို အကြံဥာဏ်ပေးနိုင်ပါကြောင်း၊ ပေးလာသည့် အကြံဥာဏ်များအား လက်ခံ မှတ်သားလိုက်နာပြီး ဆက်လက် ကြိုးစား ရေးသားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တဆက်တည်းမှာပင် "ရေးသားခဲ့သည့် စာအုပ်များမှာ “ မူကြို အဆင့် ဗုဒ္ဓဘာသာကျင့်ထုံး ဓမ္မဝေါဟာရ ခက်ဆစ်အဓိပါယ်များ ၊ မေးခွန်းများနှင့် အဖြေများ စာအုပ်၊ အခြေခံအဆင့် ဗုဒ္ဓဘာသာကျင့်ထုံး ဓမ္မဆိုင်ရာ မေးခွန်းများနှင့် အဖြေများစာအုပ်၊ လူငယ်များ အတွက် အခြေခံ ဗုဒ္ဓဘာသာကျင့်ထုံး ဓမ္မဆိုင်ရာ အမေးအဖြေများစာအုပ်၊ ကန္တာရပန်းတစ်ပွင့် (သို့မဟုတ်)တေးသံရှင် စိုင်းဆိုင်မော(၀်)စာအုပ်၊ အရက် သမားတို့၏ မူလနေရာ စာအုပ်၊ ထပ်တစ်ရာတစ်ချပ်၏ ရာဇ၀င်စာအုပ်၊ သေမင်းဖိတ်စာနှင့် မရဏပွဲစာအုပ်၊ မိုင်းပန် သူလေး နန်းယီဆိုင်ကော်နှင့် ရှမ်းစာဆိုတော်ကြီး စ၀်ကောလီ စာအုပ်၊ ဖူးမြော်မာန်လျှော့ကန်တော့ ပါ၏ အရှင်ဘုရား” စာအုပ်များ စုစုပေါင်း(၉)အုပ်ရေးသားခဲ့ပြီး၊ ၀တ္ထုတို(၈)ပုဒ်၊ ဆောင်းပါး(၃၇)ပုဒ်၊ ကဗျာ(၈)ပုဒ်၊ တွေးတောစရာ ကဏ္ဍ (၁)ပုဒ် ရေးသားခဲ့ပြီးကြောင်း"လည်း ပြောကြားသည်။

သတင်း ။   ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~