ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ နှစ်နိုင်ငံနယ်စပ် ခိုးဝင်ထွက်ပေါက်အနီးတွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့ပေါ် လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျပ်(၂၆၄)သိန်း တန်ဖိုးရှိသည့် ဘိန်းဖြူများကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူဆယ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
ဖေဖော်ဝါရီလ (၂၃)ရက် ညနေ (၃း၄၅)နာရီ အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့ပေါ် လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်၊ ငွေဆင်အိမ်ယာ ၀င်းအနီးရှိ နှစ်နိုင်ငံနယ်စပ် ခိုးဝင်ထွက်ပေါက် အနီးတွင် ဟန်မင်းထက်(ခ)ဖာရွတ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေ စစ်ဆေးရာမှ အဆိုပါ ဘိန်းဖြူများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း မြို့ပေါ်လှုပ်ရှားအဖွဲ့မှ သိရသည်။
ရှာဖွေရရှိသော ဘိန်းဖြူများသည် ၎င်း၏ ယာဘက်လက်တွင် ဆွဲကိုင်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်း ခေါက်ဆွဲခြောက်ထုပ်၊ အာလူးကြော်ထုပ်တို့ဖြင့် ဖုံးအုပ်ပြီး Redymade ခေါက်ဆွဲထုတ်အခွံအတွင်း အ၀ါရောင်တိပ်ဖြင့် ပတ်ကာ ထည့်ထားတာဖြစ်ပြီး ဘိန်းဖြူဘလောက်တုံး (၁)တုံးလျှင် အလေးချိန် (၃၃၀)ဂရမ်ခန့်စီရှိပြီး စုစုပေါင်းမှာ ဘလောက်တုံး (၄)တုံးဖြစ်ရာ စုစုပေါင်းအလေးချိန်၏ အချိန်အဆမှာ (၁.၃၂)ကီလိုခန့်ရှိရာ ကာလတန်ဖိုးငွေမှာ တန်ဖိုးငွေကျပ် (၂၆၄)သိန်းရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိထားပြီဖြစ်သော မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူ နှင့်အတူ မူးယစ်ဆေးဝါးများအား တရုတ်နိုင်ငံ အတွင်းသို့ ယူဆောင်ရန် စေခိုင်းသည့် ဖမ်းဆီးမမိသေးသူတို့အား မူဆယ်မြို့မရဲစခန်းတွင် မယ(ပ)၂၃/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(ခ)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။