ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ မြန်မာနိုင်ငံသံရုံးမှ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်စာ တစ်စောင်ကို ယနေ့ ဖေဖော်ဝါရီလ(၆)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။
“မြန်မာသံရုံးက ဒီကြေညာချက်ကို ထုတ်ပြန်ပေးရန် တိုက်ရိုက် Mail ပို့ပြီး အကူအညီတောင်းခံလာလို့ ကျွန်တော်တို့ ထုတ်ပြန်ထားတာပါ”ဟု (MTA)(သတင်းနှင့်ပြန်ကြားရေး)တာဝန်ခံ ကိုစောမောင်မှ ပြောသည်။
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့လယ်ရှိ Siam Paragon ကုန်တိုက်အနီးတွင် ဖေဖော်ဝါရီလ(၂)ရက်နေ့ ညပိုင်း၌ ဗုံး(၂)လုံး ပေါက်ကွဲမှုကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များမှ ကျူးလွန်သူများအား ဖမ်းဆီး ရမိနိုင်ရေးအတွက် အပူတပြင်းရှာဖွေစုံစမ်း လျက်ရှိကြောင်းသိရသည်။
“တကယ်ထုတ်ပြန်တာလား မပြန်တာလား ဆိုတာကို ဆန်းစစ်တာ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပဲဆိုင်တယ်... တကယ်လို့ ဒီစာရွက်က အတုဆိုလည်း ဒါကိုယ့် မြန်မာ လူမျိုးတွေ ကို စိုးရိမ်လို့ ထုတ်တဲ့အတွက် ထုတ်ပြန်ချက် အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ပြန်ပြောပြရမှာဘဲ”ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမား တစ်ဦးမှပြောသည်။
မြန်မာနိုင်ငံသား အလုပ်သမားများအနေနှင့် လူစည်ကားရာ ကုန်တိုက်များ၊ ဈေးဝယ်စင်တာများ၊ ဘတ်(စ)ကားဂိတ်များနှင့် ဘူတာရုံများတွင် အချိန်ကြာမြင့်စွာ စုဝေးသွားလာခြင်း မပြုကြရန် ဆင်ခြင် သတိပြုနေထိုင်ကြပါရန် မိမိတို့နေအိမ်၊ ရုံးခန်းနှင့် အလုပ်ရုံနေရာများသို့ စောလျှင်စွာ ပြန်လည် ၀င်ရောက်နေထိုင်ကြပါရန် မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်ထားကြောင်း သိရသည်။
“ကျွန်တော်တို့တော့ မသိသေးဘူး ပြောထားလိုက်ပါ့မယ်၊ ဒီလိုသံရုံးက သတိပေးထားတော့ ဆင်ခြင်နေကြရမှာပေါ့”ဟု CNCMC ကော်မတီဝင် မယ်ဆိုင်တာဝန်ခံတစ်ဦးဖြစ်သူ ဦးထွန်းမှပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာနိုင်ငံသားများသည် သံရုံးမှ ထုတ်ပြန်ချက်အကြောင်းကို သိရှိသေးခြင်း မရှိကြောင်းနှင့် သတိများထားကာ အချင်းချင်း အပြန်အလှန် အသိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။