မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်၏ ဖွင့်ပွဲကို ဖေဖော်ဝါရီလ (၁၁)ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့ပေါ်ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသူ ကျောင်းသားများ၊ မြို့ခံများနှင့် တိုင်းရင်းသား ပေါင်းစုံနှင့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးပါတီ အသီးသီးနှင့် ဌာနဆိုင်ရာများ လာရောက် အားပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ရွှေမဟာဘင်ခရာအဖွဲ့ဖြင့် အလေးပြုခြင်း နှင့် ဖဲကြိုးဖြတ်ခြင်း တို့ကို သံပြိုင် တီးမှုတ်၍ဖွင့်လှစ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၊ အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီးနှင့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီ ဘဏ္ဍာရေးမှူး ဦးထွန်းနေဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
"ပွဲက မထင်မှတ်စရာပဲ။ ကျောင်းသားတွေရော၊ မိဘတွေရော တော်တော်များလိုက်တာ။ဒီလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ပွဲမျိုး တစ်ခါမှ မကြုံဖူးဘူး။တွေ့ရမြင်ရတာ ပီတိဖြစ်လို့ မျက်ရည်တောင် ၀ဲမိတယ်"ဟု အ.ထ.က(တာချီလိတ်)မှကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ချိုသဇင် က ပြောသည်။
တာချီလိတ်မြို့တွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများမှ အကပဒေသာများ၊ သံချပ် နှင့် ပြဇာတ်များအပြင် ဒေသခံတိုင်းရင်းသားများမှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်သွားကြရာတွင် နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးမှလည်း ပရိတ်သတ်များအား သီဆိုဖျော်ဖြေခဲ့ကြသည်။
“တကယ်ကို ဗိုလ်ချုပ်အောင်ဆန်းကို ရင်ထဲရောက်အောင် ပို့ပေးတဲ့ ပွဲပါပဲဗျာ။ ပြဇာတ်တွေကလည်း ကောင်းတယ်။ သီချင်းတွေကလည်း ကြက်သီးထမိတယ်။ ကျွန်တော်တို့ တာချီလိတ်မြို့မှာ ဒါမျိုး ရသအစုံ အလင်နဲ့ပွဲ တစ်ခါမှ မကြည့်ဖူးဘူး။ ကလေးတွေ တကယ်တော်တယ်”ဟု ပွဲတော်သို့ လာရောက်သူ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ညနေ (၄း၀၀)နာရီ အချိန်တွင် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်အဖြစ် သံဃာအပါး (၁၅၀)ကျော်အား စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူကြကြောင်းနှင့် ညပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာများဖြင့် ကပြဖျော်ဖြေသွားကြောင်းအပြင် နိုင်ငံတော် အဆိုတော် ဒေါ်မာမာအေးမှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး လူရွှင်တော် မေတ္တာ၊ ချစ်စရာ၊ ရွှင်ပျော်၊ နောက်တိုးတို့ ပါဝင်သော ကျားလေးစိန်အငြိမ့်မှ ပရိသတ်များအား ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆပ်ကပ်ခဲ့ကြပြီး မာရသွန်ပြိုင်ပွဲဝင်များနှင့် စက်ဘီးပြိုင်ပွဲဝင်များ၏ ပန်းဝင်ခြင်းအားကြိုဆိုခဲ့ကြောင်းသိရသည်။
ပွဲတော်ကျင်းပရာကွင်းအတွင်း နိဗ္ဗာန်ဈေးတန်းတွင် လူမှုရေးအသင်းအဖွဲ့ အသီးသီး၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များစသည်တို့မှ လှူဒါန်းကြရာ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ၊ ပြည်သူများမှ လာရောက်၍ သုံးဆောင်ကြသည်။
“နိဗ္ဗာန်ဈေးတန်းက လူတွေက ကြပ်သိပ်နေတာဘဲ တိုးလို့မပေါက်ဘူး၊ ထင်မှတ်ထားတာထက် လာရောက်သူတွေများတော့ ကျွန်မတို့ လုပ်ထားတဲ့ စားစရာတွေက ခဏလေးကုန်သွားပြီး လောက်တောင် မလောက်ဘူး၊ အခုလို လှူရတာ တကယ်ကို ပီတိလည်းဖြစ်မိသလို ပျော်စရာလည်း ကောင်းတယ်”ဟု နိဗ္ဗာန်ဈေးမှ အလှူရှင်တစ်ဦးမှ ပြောသည်။
ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ရိုးရာအားကစားပြိုင်ပွဲတွင် ခေါင်းအုန်းရိုက်၊ လွန်ဆွဲ၊ ချောတိုင်တက်နှင့် ရိုးရာဝိုင်းခြင်းပြိုင်ပွဲများပါဝင်ပြီး ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် တာတိုကစားနည်းများ ပါဝင်ကြောင်း သိရသည်။
“တကယ်ပျော်ဖို့ကောင်းပါတယ် ပြိုင်ပွဲတွေလဲ အစုံဘဲ ဖျော်ဖြေပွဲမှာလဲ ကလေးတွေက တကယ်ကြိုးကြိုးစား ဖျော်ဖြေသွားတာတွေ မထင်မှတ်အောင်ကောင်းတယ်”ဟု ပရိတ်သတ်တစ်ဦးမှပြောသည်။
နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းတို့တွင် ရိုးရာအားကစားများကို ကျင်းပပြုလုပ်ပြီးနောက် ညပိုင်းတွင် ဆုပေးပွဲများနှင့် ဖျော်ဖြေပွဲများကို ဆက်လက်ကျင်းပပြုလုပ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲတော်တွင် အထူးအနေဖြင့် မွေးနေ့ကိတ် ခွဲခြင်းအစီအစဉ်အား ထည့်သွင်းကျင်းပပြုလုပ်ရာ ပထမဦးစွာ ပွဲတော်ကျင်းပရေး ဥက္ကဌ ဦးတင့်ဆွေမှ မွေးနေ့ကိတ်ခွဲသည့် အစီအစဉ်ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
"ဒီပွဲမှာ သုံးရက်လုံးလုံးလူတွေ ကြိတ်ကြိတ်တိုးများပြားပါတယ်၊ သုံးရက်ပေါင်းကို ဧည့်ပရိသတ်တွေကို တွက်ကြည့်ရင် ခန့်မှန်း သောင်းနဲ့ချီပါတယ်.."ဟု ပွဲတော်ကျင်းပရေး နာယကမှ ပြောသည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ ကျောင်းသားလေး မောင်အောင်မျိုးဦးက ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအား ရွတ်ပြပြီးနောက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးမှ ဆီမီးများအား ကိတ်မုန့်ပေါ်တွင် ထွန်းညှိပြီးနောက် တာချီလိတ်တပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ အာခါတိုင်းရင်းသားခေါင်းဆောင် ဦးအာဇီး နှင့် ပွဲတော်ကျင်းပရေးကော်မတီ နာယက ဦးမြင့်ဦး(မုတ်ဆိတ်)တို့မှ ဆီမီးထွန်းညှိကာ မွေးနေ့ကိတ်ခွဲခြင်း အစီအစဉ်အား ပြုလုပ်ကြသည်။
ယင်းနောက် ရာပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် ထည့်သွင်းကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲများစွာ အသီးသီးတို့တွင် ထူးချွန်သူများ၊ အားကစားပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဂုဏ်ပြုဆုများ၊ ဂုဏ်ပြု မှတ်တမ်းလွှာများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
တာချီလိတ်မြို့တွင် (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ဖြစ်မြောက်ရေးအတွက် ဒေသခံ ပြည်သူများ၊ တိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျောင်းသား၊ ကျောင်းသူများ စသည်တို့မှ အလှူငွေများ ထည့်ဝင်၍ စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး အဆိုပါ ပွဲတော် (၃)ရက်ပေါင်းတွင် ပရိသတ် သောင်းနှင့်ချီ လာရောက်ခဲ့ကြကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
ပုံများကိုကြည့်ရန်