(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ ကျင်းပရာ ပြိုင်ပွဲဝင် (၅၀)ဦးခန့်ရှိ

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ ကျင်းပရာ ပြိုင်ပွဲဝင် (၅၀)ဦးခန့်ရှိ
ဖေဖော်ဝါရီ 8, 2015
By Tachileik News Agency

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကြက်တောင်ပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

ယင်းပြိုင်ပွဲကို တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် တာချီလိတ်မြို့နယ် ကြက်တောင်ဆပ်ကော်မတီ စပွန်ဆာ ဖြစ်သော ဘီသုံးလုံး ဆေးဆိုင်မှ ဦးတော်ဖီ မိသားစုတို့ ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၇)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ ညစဉ် (၄)ရက်အကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၆)မျိုးပါရှိပြီး ကျိုင်းတုံမြို့မှ ကြက်တောင် အားကစားသမားများ အပါအ၀င် အားကစားသမားပေါင်း (၅၀)ဦးခန့် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပြိုင်ပွဲတွင် ကုန်ကျမည့် ကြက်တောင်ဗူးများ၊ ဆုဖလားများ၊ အားကစားသမားများ အတွက် အင်္ကျီများ၊ ရေနှင့် အခြားပံ့ပိုး ပစ္စည်းများကို ဘီသုံးလုံးဆေးဆိုင်မှ တစ်ဦးတည်း အကုန်အကျခံမည်ဖြစ်ပြီး ညစာစားပွဲနှင့် ဆုပေးပွဲကိုလည်း Relax စားသောက်ဆိုင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသက်(၅၀)နှစ် အထက် ကစားသမားများ (B)အဆင့်၊ (A)အဆင့်များ၊ အမျိုးသမီး ကစားသမား များစွာရှိပြီး (၁၆)နှစ်အောက် ထူုးချွန်ကစားသမားများစွာ ရှိသည့်အပြင် ၂၀၀၉ခုနှစ် ပြည်နယ်နှင့် တိုင်းပြိုင်ပွဲတွင် ဒုတိယဆု၊ ၂၀၁၁ခုနှစ်တွင် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ၌ တတိယဆုများကို ရရှိထားသော ကစားသမားများလည်း ပါဝင်ကြောင်း မြို့နယ် ကြက်တောင်ဆပ်ကော်မတီမှ သိရသည်။

"ကျွန်တော်တို့ မြို့နယ် ကြက်တောင်ဆပ်ကော်မတီကို ၂၀၀၈ခုနှစ်လောက်မှာ စပြီး ဖွဲ့စည်းခဲ့တာပါ၊ အသင်းအတွက် ရန်ပုံငွေကို ကြက်တောင်ရောင်းချခြင်းဖြင့် ရှာရပါတယ်။ အဓိက ကတော့ ပြိုင်ပွဲတွေ လုပ်ပေးဖို့နဲ့ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲတွေ သွားပြီး ရိုက်ချင်သူတွေ အတွက် အဓိကပါ။ အခု လောလောဆယ်တော့ တစ်နှစ်ကို ပြိုင်ပွဲကြီး  (၃)ပွဲလောက် လုပ်ပေးနိုင်ပါတယ်.."ဟု  ကြက်တောင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးစိုင်းဇော်မိုးက ပြောပြသည်။

"အရင်နှစ်က လုပ်ခဲ့တဲ့ ရိုးမရွှေတောင် ဖိတ်ခေါ်ပြိုင်ပွဲဆိုရင် မြို့ကြီးတွေကို ဖိတ်ခေါ်ပြီး ခရီးစရိတ်၊ ဆုကြေး၊ အားလုံး အကုန်အကျခံခဲ့တဲ့ စပွန်ဆာတွေလည်း ရှိပါတယ်၊ အခု ဘီသုံးလုံး ဆေးဆိုင်က စပွန်ဆာပေးတဲ့ ပွဲကတော့ ကျိုင်းတုံ တာချီလိတ် ပွဲပါ၊ စပွန်ဆာတွေကလည်း အားလုံးကစားသမားတွေ များပါတယ်၊ ပြိုင်ပွဲတိုင်းမှာ ညစာ စားပွဲနဲ့ ဆုပေးပွဲကို ပူးတွဲ ကျင်းပပြီး ကစားသမားတွေ ပျော်အောင် ပြုလုပ်ပေးပါတယ်၊ စပွန်ဆာ ရှိရင်တော့ ပြိုင်ပွဲလုပ်နိုင်သလို ကစားသမားတွေလည်း လက်ရည် တက်လာကြတာ တွေ့ရတယ်.."ဟု ၎င်းမှာ ဆက်လက်ပြောပြသည်။

ပြိုင်ပွဲသို့ ကစားသမားများနှင့် ပရိသတ်များဖြင့် ညစဉ်(၆)နာရီမှ (၁၁)နာရီ အချိန်ထိ ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

သတင်း။  ။ ဆုလဏီး
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ကြက်တောင်ပြိုင်ပွဲ တာချီလိတ်၌ ကျင်းပရာ ပြိုင်ပွဲဝင် (၅၀)ဦးခန့်

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~