ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်တွင် ယနေ့ ဇန်န၀ါရီလ(၁၅)ရက် နံနက်ပိုင်းက စိတ်ကြွမူးယစ်ဆေးဝါး အပြား(၃၀၀)ကျော်ကို လက်ဝယ်တွေ့ရှိသူနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ တာချီလိတ်မြို့နယ်၊ ၀ိန်းကျောက်ရပ်ကွက် တော်ကော့(အပြင်)ရှိ၊ လမ်းသွယ်လမ်း၊ အမှတ် (တကပ/---)အား ၀င်ရောက်ရှာဖွေရာ ကာလတန်ဖိုး (၇၉၀၀၀၀)ကျပ်ရှိ စိတ်ကြွဆေးပြား (၃၁၆)ပြားကို တွေ့ရှိသဖြင့် အိမ်ပိုင်ရှင် လောက်အန်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၈/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူထားကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
၂၀၁၄ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများမှာ စုစုပေါင်း (၁၇၄)မှုရှိပြီး ကျား (၁၉၅)ဦးနှင့် မ(၄၆)ဦး၊ စုစုပေါင်း (၂၄၁) ဦးအား တရားစွဲတင်ပို့နိုင်ခဲ့ပြီး အများဆုံး ဖမ်းဆီးရမိသော အမှုမှာ စိတ်ကြွဆေးပြား ဖမ်းဆီးမှုဖြစ်ပြီး၊ (၁၀၉)မှုရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ်၏ မှတ်တမ်းများအရ သိသည်။