နေပြည်တော် နှင့် တာချီလိတ် မူးယစ်တပ်ဖွဲ့ အထူးစီမံချက်ဖြင့် ပူးပေါင်းသည့်အဖွဲ့မှ တာချီလိတ်၌ စိတ်ကြွဆေးပြား တစ်သောင်းကို သိမ်းဆည်းရမိ

နေပြည်တော် နှင့် တာချီလိတ် မူးယစ်တပ်ဖွဲ့ အထူးစီမံချက်ဖြင့် ပူးပေါင်းသည့်အဖွဲ့မှ တာချီလိတ်၌ စိတ်ကြွဆေးပြား တစ်သောင်းကို သိမ်းဆည်းရမိ
ဇန်နဝါရီ 19, 2015
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု အတွင်း၌ ဇန်န၀ါရီလ (၁၈)ရက်နေ့ ညနေ (၆း၃၀)နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် နှင့် မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား (၁၀၀၀၀)ကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

တာချီလိတ် နှင့် နေပြည်တော်မှ မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အထူးစီမံချက် တစ်ရပ်အနေဖြင့် တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါး လျော့ပါးရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဖန်မင်ကျေးရွာအုပ်စု၊ ၀မ်ကျောက်လုံကျေးရွာရှိ မအဲလစ်ဇဘတ်၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေကြရာမှ နေအိမ် အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၀၀၀)ပြားကို ရှာဖွေ တွေ့ရှိတာဖြစ်ပြီး စိတ်ကြွဆေးပြားများ၏ ခန့်မှန်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၅၀)ခန့်ရှိကြောင်း မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် စိတ်ကြွဆေးပြားများအား နေအိမ်အတွင်း၌ တွေ့ရှိရသည့်အတွက် မအဲလစ်ဇဘတ် နှင့်  မိုင်းလင်းအုပ်စုအတွင်း လက်နက်ခဲယမ်းနှင့် ဘိန်းဖြူဖမ်းဆီးခံရသည့်ထဲတွင် ပါဝင်သည့် ၎င်း၏ ခင်ပွန်းဖြစ်သူ ကျလောအား ပူးတွဲ၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ-၅/၁၉(က)/၂၁အရ အရေးယူဆောင်ရွက်ထားရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

"နေပြည်တော်က မူးယစ်တပ်ဖွဲ့ဝင်တွေနဲ့ တာချီလိတ်က မူးယစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီးတော့ တာချီလိတ်ခရိုင် အတွင်း အထူးစီမံချက် တစ်ရပ်အနေနဲ့ ဆက်လက်ပြီး မူးယစ်ဆေးဝါးတားဆီးရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားဖို့ရှိပါတယ်.."ဟု မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~