ထိုင်းနိုင်ငံ ရာဘာခြံ၌ မြန်မာနိုင်ငံသား အလုပ်သမား (၃)ဦး အသတ်ခံရ

ထိုင်းနိုင်ငံ ရာဘာခြံ၌ မြန်မာနိုင်ငံသား အလုပ်သမား (၃)ဦး အသတ်ခံရ
ဇန်နဝါရီ 26, 2015
By Tachileik News Agency

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ချိုင်ဘူရီမြို့ ၊ စိုင်ထောင်ရပ်ကွက် လမ်းနံပါတ်(၅)ရှိ ရာဘာခြံအတွင်း အမည်မသိ သေနတ်သမားများမှ မြန်မာနိုင်ငံသား (၃)ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

တရားဝင် အလုပ် လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်း မြန်မာနိုင်ငံသား အလုပ်သမား (၃)ဦးအား ဇန်န၀ါရီလ (၂၃)ရက်နေ့ ည(၉)နာရီ အချိန်ခန့်တွင် အမည်မသိလူတစ်စုမှ သေနတ်နှင့်ပစ်ခတ် သတ်ဖြတ်သွားကြောင်းသိရသည်။

“အလောင်းကိုတော့ ချိုင်ဘူရီမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ထားပါတယ်၊ အနီးကပ်သေနတ်နဲ့ ပစ်သတ်သွားတာပါ”ဟု ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဒါရိုက်တာ ဦးထူးချစ်မှ ပြောသည်။

အသတ်ခံရသော မြန်မာနိုင်ငံသားများအနက် ကိုကျော်ထူး (၂၉ နှစ်)၊ ကိုဆန်းမင်း (၂၂ နှစ်) နှင့်မောင်ချစ်ဖူး (၁၄)နှစ် တို့ ဖြစ်ကြောင်းနှင့် ကိုကျော်ထူးနှင့် မောင်ချစ်ဖူးတို့မှာ ညီအစ်ကိုဖြစ်ကြောင်း သိရပြီး အသတ်ခံခဲ့ရသူများမှာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဓမင်းဆိပ် စံပြကျေးရွာတွင်နေထိုင်ပြီး ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်စားသောက်နေကြသည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

လူသတ်မှုနှင့် ပတ်သက်၍ ထိုင်း လူ့အခွင့် အရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ ထိုင်းနိုင်ငံ၏ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု ဦးချစ်ထူးမှပြောသည်။

သေဆုံးသူများသည် သေနတ်ဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး ဦးခေါင်းနှင့် လည်ပင်းတို့၌ သေနတ်ဒဏ်ရာများ တွေ့ရှိရကြောင်း၊ ၎င်းတို့အား ဇန်န၀ါရီလ (၂၇)ရက်နေ့တွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်းနှင့် သတ်ဖြတ်သူများအား တရား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း သိရသည်။

သတင်း ။  ။ ဇက်(Z)

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~