တာချီလိတ် ထာဝရ ဘေးမဲ့ တိရိစ္ဆာန်လွှတ်တော ဖွင့်ပွဲသို့ ဒေသခံ ပြည်သူ သောင်းချီ၍ တက်ရောက်ရာ မိုင်းဖုန်းဆရာတော်နှင့် ထိုင်ဝမ်ဆရာတော် ကြွရောက်

တာချီလိတ် ထာဝရ ဘေးမဲ့ တိရိစ္ဆာန်လွှတ်တော ဖွင့်ပွဲသို့ ဒေသခံ ပြည်သူ သောင်းချီ၍ တက်ရောက်ရာ မိုင်းဖုန်းဆရာတော်နှင့် ထိုင်ဝမ်ဆရာတော် ကြွရောက်
ဇန်နဝါရီ 21, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာ အနီးတွင် တည်ရှိသည့် “ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”အား ပဓာန နာယကဆရာတော်၊ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး နိုင်ငံတော်သြ၀ါဒ စရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ Honorary Ph.D ဘဒ္ဒန္တ ဓမ္မသီရိ၊ နာယက ဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဥာဏသံဝရ၊ မိုင်းလင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ (ထပ်စွမ်ဆိုင့်ဟိုနမ့်)နှင့် ထိုင်ဝမ်ကျွန်း၊ ထိုင်ပေခရိုင် (Life TV ) ဘ၀မြှင့်တင်ရေး (ရုပ်/သံလိုင်း) နာယက ဆရာတော် HAI TAO ဆရာတော်တို့အား အမှူးပြု၍ ဇန်န၀ါရီလ (၂၁)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ နာယက ဆရာတော်များဖြစ်သည့် မိုင်းဖုန်းဆရာတော် နှင့် ထိုင်ဝမ်ဆရာတော် တို့မှ ကြွရောက်၍  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတော်မူရာ ဖွင့်ပွဲသို့ အလှူရှင် အသီးသီး နှင့် ဒေသခံ တိုင်းရင်းသားများ စုစုပေါင်း (၂၀၀၀၀)၀န်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

“တိရိစ္ဆာန်တွေ သဘာဝအတိုင်း ရှင်သန်နိုင်ဖို့နဲ့ သစ်တောသစ်ပင်၊ တောတောင်တွေ သဘာဝအတိုင်း ရှိစေချင်တဲ့ဆန္ဒရယ်၊ ဇီဝိတ ဒါနပြုတာကို အစဉ်အမြဲ တည်တံစေချင်တဲ့စိတ်နဲ့ ထာဝရ တိရိစ္ဆာန်ဘေးမဲ့ လွှတ်တောကို တည်ထောင်ဖြစ်တာပါ”ဟု ဘေးမဲ့လွှတ်တော စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးအားဖာ မှပြောသည်။

“ထာဝရ တိရိစ္ဆာန် ဘေးမဲ့လွှတ်တော”၏ ဧက အကျယ်အ၀န်းမှာ ယခုလက်ရှိ ရှမ်းပြည်နယ် အစိုးရထံသို့ (၃၈၀)ဧကအား စာတင်ထားပြီး ထပ်မံ၍ ဧက(၄၀၀)ခန့်ကို တိုးချဲ့ရန် အစီအစဉ်ရှိကြောင်းနှင့် စုစုပေါင်း ဧက(၇၀၀)ကျော် တည်ထောင်သွားမည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ယခု ဘေးမဲ့ သစ်တောအတွင်း ဇီဝသက်ရှိ မျိုးစိတ်ပေါင်းများစွာ ရှင်သန်နေထိုင်ပြီး သစ်တော၏ သဘာဝ ပေါက်ပင် ဖုံးလွှမ်းနေမှုမှာ (၉၉%)ရှိကြောင်း နှင့် သဘာဝဘေးမဲ့တောအတွင်း သဘာဝပတ်ဝန်းကျင် လေ့လာသူများနှင့် အများပြည်သူများ လေ့လာနိုင်စေရန် မြေသားလမ်း မိုင်(၂၀)ကျော်အား ဖောက်လုပ်ထားရှိထားကြောင်း သိရသည်။

“သဘာဝ ဘေးမဲ့တောဆိုတာ သမ္မကျမ်းစာနဲ့ ညီတယ်၊ ဒေသခံ လားဟူတိုင်းရင်းသားတွေကို အမဲ မလိုက်အောင်၊ သစ်ပင်မခုတ်အောင် သဘာဝကို ချစ်ခင် ထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်း လာရောက် ဟောပြောပြီး ဆုတောင်းပေးတာပါ”ဟု ဘေးမဲ့လွှတ်တောသို့ ရောက်ရှိလာသူ တာလေမြို့ (ပေတလ)ကျမ်းစာ ကျောင်းအုပ် ဦးမောင်မောင်လေးမှ ပြောသည်။

“ထာဝရ တိရိစ္ဆာန်ဘေးမဲ့လွှတ်တော”ဖွင့်ပွဲသို့ နာယက ဆရာတော် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဥာဏသံဝရ နှင့် ထိုင်ဝမ်ကျွန်း၊ ထိုင်ပေခရိုင် (Life TV) ဘ၀မြှင့်တင်ရေး (ရုပ်/သံလိုင်း) နာယက ဆရာတော် HAI TAO ဆရာတော်တို့မှ ဖွင့်ပွဲသို့ လာရောက်ကြသော တပည့်ဒါယကာ၊ ဒါယိကာမ တို့အား ဇီဝိတဒါန ကုသိုလ်နှင့် ပတ်သက်၍ ဆုံးမသြ၀ါဒပေးကာ ကုသိုလ်အစုစုအတွက် သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ကြောင်းနှင့် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားများလည်း ဆုတောင်း မင်္ဂလာပြုကြပြီး လားဟူတိုင်းရင်းသားများက ရိုးရာ တူရိယာများဖြင့် မြေ၀ိုင်းအကများ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

“ဒီနေ့ တိရိစ္ဆာန် အကောင်ပေါင်း(၅၀၀)၀န်းကျင်ကို ဘေးမဲ့လွှတ်ပါတယ်။ ဒီနေ့မှာတော့ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်ဆင်၊ ယုန်နဲ့ ငှက်တွေကို လာလွှတ်ကြပါတယ်၊ ဒီပတ်ဝန်းကျင်က ရွာတွေက ရွာသူရွာသားတွေနဲ့ စေတနာရှင်တွေ လာပြီး ဧည့်ပရိသတ်ကို အစားအစာများနဲ့ ရေအားလုံး အခမဲ့ ကုသိုလ်ပြု ကျွေးမွေးကြတာ၊ ဒီလို တောထဲမှာ လူတွေ ဒီလောက် အများကြီးလာမယ်လို့ မထင်ထားဘူး ကျွန်တော်တို့ ခန့်မှန်းထားတာက လူဦးရေ (၃၀၀၀)ကျော်ဘဲ”ဟု ဘေးမဲ့လွှတ်တော ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ခံ ကိုရဲမှ ပြောသည်။

မြန်မာနိုင်ငံတွင် (၂၀၁၄)ခုနှစ်ထိ ဘေးမဲ့တော တည်ထောင်ထားမှုမှာ တိရိစ္ဆာန်ဘေးမဲ့တော (၂၈)တောနှင့် ငှက်/ဥယျာဉ်ဘေးမဲ့တော (၇)တော၊ သဘာဝဘေးမဲ့တော (၃)တော၊ ဆင်ဘေးမဲ့တော(၁)တော စုစုပေါင်း (၃၉)တောအား တည်ထောင်ထားရှိပြီး ရှမ်းပြည်နယ်အတွင်း တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တော(၂)တော၊ ငှက်/ဥယျာဉ်ဘေးမဲ့တော(၁)တော၊ သဘာဝနယ်မြေ(၂)တော တည်ထောင်ထားရှိပြီး “ထာဝရ တိရိစ္ဆာန်ဘေးမဲ့ လွှတ်တော”မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပထမဆုံး တည်ထောင်သော  သဘာဝဘေးမဲ့ တောဖြစ်ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများတွင် ပါဝင်လျက် ရှိပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ၊ သစ်တောမြေ ဟက်တာပေါင်း (၄၆၆၀၀၀) ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ၁၉၇၅ ခုနှစ်တွင်၊ နိုင်ငံ ဧရိယာ၏ ၆၀ ဒသမ ၉ ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၀ ပြည့်နှစ်တွင်၊ နိုင်ငံ ဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စစ်တမ်းများတွင် ဖော်ပြထားသည်။

ပုံများကိုကြည့်ရန်
တာချီလိတ် ထာဝရ ဘေးမဲ့ တိရိစ္ဆာန်လွှတ်တော ဖွင့်ပွဲသို့ သောင်းနဲ့ချီ.

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~